Friday, 27 January 2012

0

"နားလည်ခြင်း"



အသက်ကလေးရလာတော့ အားလပ်ချိန်ဆို တရားသဘောလေးရှိအောင် နှစ်သက်ရာ တရားစာအုပ်တချို့ ဖတ်ဖြစ်တယ်ပေါ့လေ။

အဲတော့ ဘာလုပ်လုပ်၊ ဘာခံစားရပါစေ အကြည်ဓါတ်လေး ကွန့်မြူးနေရင် နှလုံးသားမှာ တရားအသိလေး ကပ်နေတတ်တယ်လို့ ဆိုရပါမယ်။

ဒီနေ့ ဖေ့စ်ဘွတ်ပေါ် စတေးတပ် အနေနဲ့ ဒီစာစုလေး တတ်သလောက် မှတ်သလောက် ချရေးဖြစ်လိုက်တယ်။

အလှမ်းဝေးနေတာ ကြာပြီဖြစ်တဲ့ ခြောက်သွေ့နေတဲ့ ကိုယ့်ဘလောဂ့်လေးကို အသက်ပြန်သွင်းတဲ့ အနေနဲ့ ဒီစာစုလေးကို ဘလောဂ့်လေးဆီ ခေါ်လာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ပေါ် စတေးတပ်ဆိုတာ Update လုပ်ရင် လုပ်သလို ဝေါလ်ပေါ် ပျောက်သွားတာမို့ ဘလောဂ့်ပေါ် ပိုစ့်အနေနဲ့ အမှတ်တရ သိမ်းထားချင်မိလို့ရယ်ပါ။

ပိုစ့်အသစ် မတင်ဖြစ်ပေမယ့် စာလာဖတ်သူများ ကျဲကျဲလေး ရှိနေတာကို သတိထားမိပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အချိန်လေးရအောင်ယူပြီး ဘလောဂ့်ပေါ် စာတွေရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။

အဆိုတော် ဒေါ်မာမာအေး ပြောသလို... .. ... .. ... ..,

"ချစ်ဆွေတို့ရေ.. ... ., ပြောစရာတွေလဲ တပုံကြီးရှိပါသေးတယ်ရှင်"

အခုတော့ ဒီနေ့ ဖေ့စ်ဘွတ်ပေါ် စတေးတပ် အနေနဲ့ ရေးဖြစ်လိုက်တဲ့ ဒီစာစုလေး ဖတ်ကြည့်ပေးပါအုံး။

နောက်ကျနေပြီ ဖြစ်ပေမယ့် စာဖတ်သူအပေါင်း နှစ်သစ်မှာ စိတ်ရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒ ပြည့်စေကြောင်း ဆုမွန်တောင်းပါတယ်ရှင်။


+ + + + + + +


ဘဝမှာ တယောက်ထဲ နေသားရလာတော့... .. .. ...

အထီးကျန်တယ် ဆိုတာကို နားလည်အောင် ကြိုးစားလာနိုင်တဲ့အခါ အထီးမကျန်တော့ဘူးလို့ ခံစားလာရတယ်။

စိတ်ညစ်ခြင်းကို သိနားလည်မိလိုက်တော့ စိတ်သိပ်မညစ်တတ်တော့ဘူး။

နာကျင်ခြင်းကို ခံစားရတာ များလာတဲ့အခါ နာကျင်ခြင်းကို နားလည်တတ်လာတယ်။

ဒီလိုပါပဲလေ... .. ... .. ...

ချစ်ခြင်းမေတ္တာကို နားလည်အောင် ကြိုးစားလိုက်တော့ ချစ်ခြင်းမေတ္တာတွေ ဆင့်ပွါးတိုးလို့လာတယ်။

ပျော်ရွှင်ခြင်းကို နားလည်အောင် လုပ်လာနိုင်တဲ့အခါ ပိုပျော်ရွှင်တတ်လာတယ်။

လောကမှာ နားလည်ရ အခက်ခဲဆုံးက လူ့စိတ်၊ ကိုယ့််ရဲ့ ကိုယ်ပိုင်စိတ်သာလျှင် ဖြစ်ပါတယ်။

တခြားလူကို နားလည်အောင် ကြိုးစားနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ် နားလည်အောင်ဖတ်နိုင်ဖို့က ခက်ခဲတယ်လေ။

တကယ်တော့ လူ့ဘဝတစ်သက်သာ ခဏတာမှာ... ... .... ..

ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေအပေါ် မူတည်အခြေခံလို့

အရေးကြီးတာက ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားရင်း သိနားလည်လာလေ ဘဝမှာ နေရတာ ပိုပြီး အေးချမ်းလာလေ၊ အဓိပ္ပါယ်ရှိလာလေလို့ ခံစားမိပါတယ်။

အဓိက,က ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့နဲ့ လက်ရှိ ဘဝနဲ့ အချိန်ကိုသာ တန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။ အဲလိုဖြစ်အောင်လဲ ကြိုးစားနေထိုင်ပါတယ်။

ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်ပါမှ၊ လက်ရှိ ကိုယ့်ဘဝကိုသာ တန်ဖိုးထားတတ်ပါမှ တခြားလူကို မြတ်နိုး၊ တန်ဖိုးထားတတ်မှာ ဖြစ်တယ်လို့ နားလည်မိတာပါပဲရှင်။


မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်
ဇန်နဝါရီ ၂၇ ၂၀၁၂

More...

Monday, 19 December 2011

3

"လွမ်း"

ဘိလပ်ကျွန်းရဲ့ တိုက်ခတ်လာတဲ့ ဆောင်းမြောက်ပြန်လေဟာလဲ ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်လို့

Jingle Bells ခေါင်းလောင်းသံလေးတွေဟာလဲ နေရာအနှံ မြူးကြွလို့

Christmas ဝိညာဉ်တွေကလဲ လူတိုင်းရဲ့ ရင်ထဲ နိုးထလို့




အဝေးရောက် ငှက်ငယ်တကောင်ရဲ့ ရင်တွင်းမှာလဲ နွေးထွေးတဲ့ အမေ့အိမ်ကို နက်နဲစွာ လွမ်းတစိမ့်စိမ့်ဖြစ်လို့

အလွမ်းကို ရင်မှာသိမ်း ဘဝအမောတွေကို တယောက်ထဲ ရင်ဆိုင်လို့

၂၀၁၁ရဲ့ ခရစ်စမတ်ဟာ အထီးကျန်ဆန်စွာ ခြောက်သွေ့လို့


xoxo

More...

Thursday, 8 December 2011

1

"မြေခပန်း"

မြေခပန်း
ဒါပေမယ့် သူ့မှာရှိတဲ့ အစွှမ်းနဲ့
လောကကို အလှဆင်တယ်။


Location: Kensington Palace Park
Time: One fine evening





မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

(မောင်စိန်ဝင်း ပုတီးကုန်း)

More...

Tuesday, 6 December 2011

9

ဟလို ရန်ကုန်......, အလည်ပြန်မယ်။

၂၀၀၂ခုက အလည်ပြန်ဖြစ်ခဲ့ပြီး ၁၀နှစ်ကျော်ကြာ ခွဲခွာနေရတဲ့ ကျမရဲ့ မွေးရပ်မြေ၊ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာပြည်ကို မလွမ်းပဲ ရှိပါ့မလားရှင်။


လွမ်းတာပေါ့.........။


ဒါကြောင့် အခု ရန်ကုန် ပြန်လည်ပါမယ်။

အခုလာမယ့် စနေညနေပိုင်း ရန်ကုန်ကို ရောက်မယ်။


ဟုတ်တယ်.........။


မထင်မှတ်ထားပဲ.....၊ လုံးဝ မမျှော်လင့်ထားပဲ ပြန်ဖြစ်မယ့် ခရီးစဉ်ပါ။ ၁၀ရက် နေရမယ်။


လေယာဉ်လက်မှတ်ကို ကိုယ်အလုပ်လုပ်ရာ ရုံးက အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခရီးသွားရင် ဦးစားပေး အစီအစဉ်လိုမျိုးနဲ့ ကံကောင်းစွာ စီစဉ်ပေးတော့ အခုလို ရာသီ လက်မှတ်တွေ ဈေးကြီးချိန်မှာ ကုမ္မဏီဈေးနှုာန်းနဲ့ ဈေးနှုာန်းချိုသာစွာ ပြန်ချင်တဲ့ ရက်ကို ချက်ခြင်း ရလိုက်ပြန်တယ်။

လေယာဉ်လက်မှတ်က ခရစ်စမတ် မတိုင်ခင် လန်ဒန်လဲ ပြန်လာလို့ရတာဆိုတော့ ဒီမှာ စီစဉ်ထားတဲ့ တခြားအရာတွေလဲ မပျက်တော့ဘူး။


ကောင်းလိုက်တာ.........။


၂၀၁၁ နှစ်ကုန်ခံနီးမှာ ကံတွေ ကောင်းနေတာ။


ဒါကြောင့် ပြောကြတာနေမှာ လှံထမ်းလာတာပဲ လူမြင်တယ်၊ ကံထမ်းလာတာ လူမမြင်ဘူးတဲ့။

ဒါနဲ့ ချက်ခြင်းပဲ ရန်ကုန်ကို ဖုန်းလှမ်းဆက်၊ လူကြီးတွေကို အသိပေး၊ ဒီက သူတို့ ဘာလိုချင်လဲ၊ ဘာလိုအပ်နေလဲ မေးနဲ့၊ ကိုယ်ပြန်လာလည်ရင်လဲ ဘယ်လို ဘာလုပ်မယ် ဘယ်သွားမယ် စသည်တို့ ကောက်ခါငင်ကာ စီစဉ်ရတော့တယ်။

အခုလို ရုတ်တရက် ပြန်အလည်လာဖြစ်တော့မယ် ပြောတဲ့ ကျမကို အဖွားကလဲ မယုံချင့် ယုံချင်နဲ့၊ "အေး အေး ငါ့မြေးနဲ့ တွေ့ရချည်သေးရဲ့" လို့ လေပြေလေးနဲ့ ဆိုလေတယ်။

ကိုယ်ပြန်လာတော့မယ်ဆို သွားဖြစ်တဲ့ ၁၀ရက်လုံး ရန်ကုန်မှာချည်း မနေချင်ဘူး၊ ဘယ်တွေ သွားချင်တယ်ဆိုတာ ဟိုမှာ သေချာပေါက် ကြီးကြပ်ကွပ်ကဲ စီစဉ်ပေးနိုင်တဲ့ ချစ်ရတဲ့ အမဝမ်းကွဲနဲ့ ဖုန်းဆက်ရင်း စီစဉ်ဖြစ်ကြပါတယ်။

သူ့ပဲ အားကိုးရမှာလေ။ ပြန်လည်တဲ့အချိန် ကိုယ်လိုအပ်တာ၊ ဘယ်သွားမှာ အစစအရာရာ အားလုံး သူပဲ စီစဉ်ပေးရမှာပါ။

ရောက်မယ့်ရက်က အခု စနေ...................၊

ပြီးရင် တပါတ်လုံး အပြည့်နေပြီးတာနဲ့ နောက်တပါတ် အင်္ဂါဆို ခရစ်စမတ် မတိုင်ခင် လန်ဒန်ပြန်ရမှာ ဆိုတော့ ခရီးတွေ အများကြီး ရက်အကြာကြီး ထွက်လို့မရဘူး၊ ဦးစားပေး သွားချင်တဲ့ နေရာကိုပဲ သွားလို့ ရမှာဖြစ်နေပြီ။


ဆိုတော့ကာ....


လေယာဉ်က စင်ကာပူ ထရန်စစ်ဆိုတော့ စင်ကာပူကို မနက်ပိုင်း ရောက်လာပြီး လေဆိပ်ထဲ ၈နာရီလောက် မနေချင်တာနဲ့၊ တခါမှ မရောက်ဘူးသေးတဲ့ စင်ကာပူမြို့ထဲ ခဏဝင်ပြီး ကိုယ်ရောက်လာမယ့်ရက်ကလဲ စနေဖြစ်နေတော့ ဖြစ်နိုင်မယ်ဆိုရင် weekend အလုပ်,မလုပ်ရတဲ့ စင်ကာပူမှာ နေထိုင်ကြတဲ့ ဖေ့စ်ဘွတ်ပေါ်က ချစ်ခင်ရသော မောင်နှမတချို့နဲ့ ကော်ဖီ အတူသောက်၊ စကားတွေ ထိုင်ပြောချင်မိတာ။

အခုခရီးစဉ်က ရက်တိုတော့ တခါမှ မရောက်ဘူးသေးတဲ့ မန္တလေးနဲ့ ပြင်ဦးလွင်ကို မမခင်ဦးမေရဲ့ မြန်မာပြည်ခရီးစဉ် ပိုစ့်တွေထဲ ဝေဝေဆာဆာ ဖတ်လိုက်ရလို့ သွားချင်စိတ် ရှိပေမယ့် အခွင့်မသာလေတော့ ဒီတခါ မသွားတော့ပဲ နောက်တခါ မြန်မာပြည် အလည်ပြန်မှ သွားတော့မယ်ဆိုပြီး ချန်လှပ်ရတယ်။

ဒီလိုပဲ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရောက်ဖူးခဲ့တဲ့ ကလော၊ တောင်ကြီး၊ အင်းလေးကိုလဲ ရက်အခက်အခဲတွေကြောင့် သွားဖို့ မဖြစ်ပြန်ဘူး။

ရန်ကုန်နဲ့နီးတဲ့ ငွေဆောင် ကမ်းခြေလဲ သွားဖြစ်မယ် မထင်ဘူး၊ အခုခရီးက အပမ်းဖြေခရီးသက်သက် ထွက်လာတာ မဟုတ်လေတော့ ကမ်းခြေလို ခရီးမျိုးကို သွားဖို့ မဖြစ်နိုင်တာပါ။


ဒါနဲ့ ဖြစ်နိုင်တာတွေက....... .... ......


ရောက်မယ့်နေ့ ညမှာ အမျိုးတွေနဲ့ ရွှေတိဂုံဘုရားတက် အေးအေးဆေးဆေး ဖူးပြီး၊ ဘုရားက အပြန် အင်းလျားကန်ဘောင်ဘက် သွားပြီး ကန်ဘောင်ပေါ် လမ်းလျှောက်၊ အင်းလျားကန်ကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေပြေသွဲ့သွဲ့ကို ရှုရှိုက်လို့ ကောင်းကင်က ကြယ်တွေကို အမျိုးတွေနဲ့အတူ ကန်ဘောင်ကနေ ကြည့်ချင်သေးတာ။ ဖြစ်နိုင်ရင် ကြယ်တွေ ကြည့်တဲ့အခါ နေကြာစေ့ကို ကိုက်လို့ ခွဲခွာနေရချိန် သူအကြောင်း၊ ကိုယ့်အကြောင်း ဖလှယ်ချင်နေမိတာ။

နောက်နေ့ တနင်္ဂနွေနေ့မှာ အဖွား အနားမှာ တနေကုန်နေပြီး စကားတွေ ပြောနေမိမှာ၊ ရန်ကုန်အိမ်ရဲ့ အိမ်ထမင်း အိမ်ဟင်းကို တဝကြီး စားချင်သေးတာ။

တနင်္လာနေ့ရောက်တော့ အမ စီစဉ်ပေးထားတဲ့အတိုင်း လေယာဉ်နဲ့ ပုဂံကို သွားအုံးမှာ၊ တကယ်တော့ ပုဂံသွားရင် ဒေသန္တရ ဗဟုသုတ ရစေဖို့ ကားနဲ့ပဲ သွားချင်တာ၊ ကိုယ်ချစ်တဲ့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည်ကို ဧည့်သည် အနေနဲ့ပဲ လာလည်ရပြီး ရက်ရှည်နေရဖို့ အခွင့်မရှိလေတော့ ပြည်တွင်း ခရီးသွားရာမှာ လေယာဉ်ခရီးကို မငြင်းသာတော့ဘူးပေါ့။

ပုဂံကို တခေါက်ရောက်ဘူးပေမယ့် နှစ်တွေ ကြာပြီမို့ မမှတ်မိတော့ပါဘူး။

ဖေ့စ်ဘွတ်ပေါ် ဒေါက်တာစိုးမင်း ရေးထားတဲ့ “ပုဂံအလှ ရှာပုံတော်” ခရီးသွား ဆောင်းပါး လောလောလတ်လတ် ဖတ်ထားလေတော့ ပုဂံကို သွားချင်စိတ်၊ လေ့လာချင်စိတ်က ထိန်းမရပါဘူး။

သြော်.., နှစ်တွေ ဘယ်လောက်ပဲကြာကြာ အနောက်နိုင်ငံမှာ အခြေချနေထိုင် နေပေမယ့်လဲ ကျမရဲ့ အသွေးအသား ရိုးတွင်းချဉ်စီထဲမှာ မြန်မာဆိုတဲ့ စိတ်ဓါတ် အမြဲ ကိန်းအောင်းနေတာ။

မြန်မာပြည်ဆိုတာကို ချစ်မြတ်နိုးတဲ့ စိတ် ရင်ထဲမှာ အစဉ်ထာဝရ ရှိနေပြီး၊ နေ့စဉ် တွေ့ကြုံဆက်စံရတဲ့ နိုင်ငံခြားသား အနောက်တိုင်းသားတွေကို "ငါ မြန်မာ၊ မြန်မာပြည်က လာတာ" ဆိုတာ အမြဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေမိတာပါ။

ပုဂံမှာ ၃ရက်ကြာ နေထိုင်ပြီး ရန်ကုန်ကို ပြန်ရောက်တဲ့အခါ နေရမယ့်ရက် ၅ရက်ကျန်တဲ့အတွင်း လုပ်ချင်တာတွေ၊ တွေ့ရမယ့် ခင်မင်ရသော မိတ်ဆွေတွေနဲ့ ရက်ကလေးတွေ ခဏလေးနဲ့ ကုန်သွားမှာ နှမြောမိသားလား။

ပုဂံ အလည်အပါတ် ခရီးကနေ ရန်ကုန်ပြန်ရောက်တဲ့အခါ ငယ်ငယ်က နေခဲ့ဘူးတဲ့ မင်္ဂလာဒုံ ၁ လမ်းထဲက အိမ်နီနီကြီးကို သွားကြည့်ပြီး အနီးအနားတဝိုက် ကားလျှောက်ပတ်မောင်းချင်မိတယ်။

ပြည်ထောင်စုရိပ်သာက ၁၂-ဘီ ကို သွားကြည့်ချင်မိတယ်။

အဖွားရဲ့ အိမ်နားက ဗိုလ်ချုပ်ပန်းခြံထဲ မနက်စောစောထ ပြေးမယ်။

ကန်တော်ကြီးတပါတ်,ပါတ်၊ ကန်ရေတွေကို ကြည့်ပြီး လတ်လတ်ဆတ်ဆတ် လေတွေ တဝကြီး ရှုမယ် စိတ်ကူးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဓါတ်ပုံ အတူရိုက်မယ်။

အင်းစိန်က စီးတီး ဂေါ့ဖ်ကလပ်နားက ခြံအကျယ်ကြီးထဲမှာ အမျိုးတွေနဲ့ စုဝိုင်းပြီး ပျော်ပွဲရွှင်ပွဲတခု လုပ်မယ်။

စားချင်တာတွေကို ကယ်လိုရီ မတွက်ပဲ ဝမ်းပိတ်ဆေး ဆောင်ပြီး အဆီးအတားမရှိ စားပစ်မယ်။ ပကာသနဆန်တဲ့ စားသောက်ဆိုင်တွေမှာ ငွေမဖြုန်းပဲ လမ်းဘေးဆိုင်တွေမှာ ဟန်ဆောင်မှု့ မရှိပဲ စားချင်ရာ ဝယ်စားမယ်။

ရောက်တုန်းရောက်ခိုက် ကိုယ့်ချွေးနဲစာထဲကနေ ဇိဝိတဒါနသံဃာဆေးရုံနဲ့ ဘိုးဘွားရိပ်သာမှာ ထါဝရ ငွေပဒေသာပင် ကိုယ်တိုင်ကိုယ်ကျ သွားလှုမယ်။


ကိုယ်အလည်ရောက်တဲ့ အချိန်မှာ အားလုံးကို အတတ်နိုင်ဆုံး ပျော်အောင် လုပ်ပေးမယ်။

စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးမယ်။


သူ့တို့ အားလုံးရဲ့ အပျော်တွေ ကိုယ့်ဆီ ရောင်ပြန်လာဟပ်တဲ့အခါ ကြည်နူးရမယ်။ ပျော်ရွှင်ရမယ်။



ဟုတ်တယ်နော်.................။

ပျော်လိုက်တာ.....၊ သိပ်ကို ပျော်ရွှင်မိနေမှာ။



တွေးကြည့်မိတာနဲ့တင် ရင်တွေခုန်လိုက်တာ။




ဒီလိုနဲ့..... ....... ........



ဒီလိုနဲ့......... ........ ...... .....



* * * * * * * * * * * *

+ + + + + + + + + +

* * * * * * * * * * * *




"တီ တီ တီ တီ တီ တီ တီ တီ"


နှိုးဆက်က အသံကျယ်နဲ့အတူ မလူးသာ မလွန့်သာပဲ ဟိုဘက် ဒီဘက် အိပ်ရာပေါ် လူးလှိမ့်လိုက်ပြီး တနေ့တာကို ရင်ဆိုင်ရဖို့ စက္ခုနှစ်လုံး နိုးပွင့်လာခဲ့တယ်။


ဟင်......, ငါ အိမ်မက်တွေ မက်နေပါလား။


ဟုတ်ပါတယ်........၊ မြန်မာပြည်ကို စိတ်ထဲစွဲပြီး ကျမ ဆောင်းအိမ်မက်တွေ မက်နေခဲ့တာပါ။



ရင်ထဲမှာ လှိုက်ခနဲ နင့်အောင် ဖြစ်သွားပြီး...., သက်ပျင်းမောတခုကို ဟင်းးးးး ကနဲနေအောင် ချလိုက်ပြီး...., အားသစ်မွေးကာ နေ့တနေ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ပါတော့တယ်။


ဒီလိုပါပဲ ကျမတို့လို အိမ်ဝေးနေသူတွေအဖို့ ဘဝမှာ ဖြေသိမ့်ခြင်းဆိုတာတွေနဲ့ပဲ ပြည့်နှက်နေတာ ထပ်ခါထပ်ခါတောင် လျှံကျနေပါပြီရောလား။



စိတ်ထဲမှာတော့ အိမ်မက်တွေသာ တကယ်ဖြစ်ခဲ့မယ် ဆိုရင်..... ...... ........



မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင် (အိမ်လွမ်းသူ)
Kensington, London
01:32AM

More...

Thursday, 1 December 2011

0

♥♥*。。*Happy Sweet December 2011*。。*♥♥



Wishing everyone " Happy Sweet December 2011."

ပျော်ရွှင်ချိုမြိန်သော ဒီဇင်ဘာ အခါသမယ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်


မေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင် (Soe Borros Roxo)
ဒီဇင်ဘာ ၁ရက် ၂၀၁၁
လန်ဒန်မြို့

More...

Thursday, 24 November 2011

1

ღೋ Happy Thanksgiving 2011 Everyone!! ღೋ


Today is Thanksgiving Day in 2011.

It's a time for sharing and spreading happiness. Wish all your loved ones a very Happy Thanksgiving with your loving, kinding, caring.

I hope everyone has a happy Thanksgiving!

I'm thankful for all of you to all my friends and loving family who always care enough to me and there for me!

I'm also thankful for Buddha who let me to have a good life on earth as well as I am thankful for having a Heavenly Father who loves me enough to have sent His Son, Jesus Christ, to suffer and die so that I can be forgiven of my sins and imperfections (of which I have many, as we all do).

Don't forget to be thankful that we have this wonderful Earth to lives on and wonderful families to share our time with.

I'm thankful for my Mom and Dad who so patiently raised me and always took the time to let me know how much they care about me, love me, I could not ask for better parents, teachers and friends than my parents.

Especially, I'm thankful and greatful to my lovely Mom who always understand me and always there and stand for me whenever I needs the most. I love my parents to bits.., I am so greaful to my Dad to let us to have a fortunate living style in life which he had work hard in his life.

Also, my sister, who is one of my closest and best friends as well. Although we may not have always liked each other, I know we've always loved each other and always will.

And of course, I also feel blessed and thankful to have my uncle and his family.

I'd like to take an opportunity to say here that, I'm so thankful to my beau (Who is the only man on earth that I've ever given most love in my entire life, who has given me invaluable advice on my career as well as in life) who made me feels very special in different level of way and give me a lots of happiness and safeness every single day that we are together for amazing fantastic two years in this year.

I'd like to thankful to all my friends in Facebook. Thank you for being my friends.

I am also thankful to my childhood friends who are there and care for me as well as a few Burmese friends in London.

And finally, but not least of all, my grandparents, who have supported me throughout all my endeavors in my life. They are an irreplaceable source of encouragement and they mean more than they know.

I can't list everything I'm thankful for, it'd take far too long.

But I am thankful for the many of you who have and continue to keep me going in my life.

I'm thankful to all my regular and random readers to read my blog, who interested in me and share your valuable times on my blog.

Overall I'm thankful everyday that I lives in life. Thanks ever so much to you all.


Happy Thanksgiving Everyone!!


lots of love from London.,
Soe Mya Nandar Thet Lwin (Soe Borros Roxo)

More...

Wednesday, 12 October 2011

1

" လွမ်းတဲ့ သီတင်းကျွတ်လပြည့်နေ့ " (The Full Moon Day of Thadingyut)

သီတင်းကျွတ်လပြည့်နေ့ကို ရောက်ပြန်ပါပြီ။

"ဟိုဖက်ကမ်းက မီးထိန်ထိန်
ဒီဖက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
မနှင်းတို့အိမ်"

ငယ်ငယ်က ရွတ်ဆိုသင်ခဲ့ရတာလေး သတိရမိနေတာပါ။

ဘာလို့လဲ မသိဘူး၊ အခုလို သီတင်းကျွတ်လပြည့်နေ့ရယ်၊ တန်ဆောင်မုန်းလပြည့်နေ့ရယ်တွေဆို စိတ်ထဲ တရှိုက်မက်မက် လွမ်းသလိုလို၊ တခုခုကို ပြင်းပြင်းပြပြ တမ်းတမိသလိုလို၊ စိတ်ထဲ တမျိုးကြီးရယ်။

မိဘတွေဆီ အိမ်ဖုန်းကိုခေါ်တော့ ဘယ်သူမှမကိုင်ဘူး။ သူတို့ဆီ ညနေ၄နာရီလောက် ရှိပြီ။ ဒါနဲ့ မေမေ့ ဆဲလ်ဖုန်းဆီခေါ်တော့ နယူးဂျာဆီနားက ဘုန်းကြီးကျောင်းကို သွားပြီး အိမ်အပြန်လမ်းမှာတဲ့၊ ဖေဖေက ကားမောင်းနေတယ်။ စပီကာ ဖွင့်ပြီး ဖေဖေရော၊ မေမေနဲ့ပါ ခဏစကားပြောဖြစ်လိုက်တယ်။

နောက်နှစ်နာရီကြာလောက်မှ အိမ်ပြန်ရောက်မှာမို့ အိမ်ရောက်ရင် မေမေက ဖုန်းပြန်ခေါ်မယ် ပြောတယ်။

အဲဒီစောင့်နေတဲ့အချိန်အတွင်း ဖေ့စ်ဘွတ်ဝင်၊ ဆီမီးခွက် ဓါတ်ပုံလေး ကိုယ့်ဝေါလ်ပေါ် တင်ပြီး သူငယ်ချင်းတွေကို ဆုတောင်း၊ သတင်းတွေ ဖတ်နဲ့ အချိန်ဖြုန်းလိုက်တယ်။

မေမေ ဖုန်းပြန်ခေါ်တော့ ဖုန်းပေါ် ခဏစကားပြောပြီး skype ပေါ်တက် web cam နဲ့ သားအမိ၊ သားအဖတွေ စကားပြော၊ အဲဒီကနေပဲ မိဘနှစ်ပါးကို ကန်တော့လိုက်တော့တယ်။

မိဘတွေရဲ့ ကြည်သာချိုအေးသော မေတ္တာသံ၊ နွေးထွေးသော ဆုတောင်းသံဟာ ရင်ထဲ ကြည်နူးပီတိဖြစ်မိတယ်။ မိဘတွေကို ကိုယ်တိုင်ကိုယ်ကျ လက်ဆယ်ဖြာမိုး မကန်တော့ရတာ အတော်ကြာပါပြီ။ ကိုယ့်မွေးနေ့တွေ၊ သင်္ကြန်နှစ်သစ်ကူး အခါသမယတွေ၊ အခုလို အခါကြီးရက်ကြီးတွေဆို ဖုန်းပေါ်က၊ အင်တာနက်ပေါ်ကနေ စိတ်ထဲရည်မှန်း ကန်တော့ဖြစ်နေခဲ့တာပါပဲ။

အခုကျောင်းတဖက်၊ အလုပ်တဖက်ဖြစ်နေတော့ မကြာခင်ရောက်တော့မယ့် Thanksgiving Day လဲ ဆုံဖြစ်မယ် မထင်၊ ဒီခရစ်စမတ်မှာ တွေ့ဖို့လဲ မသေချာ၊ 2012 နှစ်သစ်ကူးမှာ ဆုံကြဖို့လဲ ဝေဝါးဝါး။

ဘဝရဲ့ ရွေးချယ်မှု့တွေရဲ့ အကျိုးဆက်တွေက မိဘတွေနဲ့ ရှင်ခွဲကွဲ ဝေးနေရတော့တာ။

မြန်မာပြည်က မေမေ့ဘက်က ကျမရဲ့အဖွားနဲ့လဲ မတွေ့ရတာ ၁၀နှစ်နီးပါး၊ ၂၀၀၂က အဖိုးဆုံးလို့ အလည် ၃လတာ ခဏ ပြန်ပြီးထဲက ဝေးနေကြရတာပေါ့။ အဲဒီတုန်းက ပြန်ခဲ့တဲ့အချိန်ဟာ အခုလို အချိန်မှာပါပဲ။

၁၉၉၅ထဲက ဝေးကွာနေခဲ့ရတဲ့ မြန်မာပြည်ကို အခုလို အခါကြီးရက်ကြီးတွေ၊ သင်္ကြန် အချိန်အခါတွေဆို တမ်းတမိတာ အမှန်ပဲ။

ဝေးခဲ့ရတဲ့ ဒီအချိန်တွေမှာ အရင်းထဲက မေမေ့ဖက်က မေမေ့ရဲ့ အဖေ၊ ကျမရဲ့ချစ်လှစွာသော အဖိုး၊ မေမေ့ရဲ့မောင်အလတ် ကျမရဲ့ဦးလေး၊ မေမေ့ရဲ့ ကြီးတော်၊ ဖေဖေ့ရဲ့အမေ ကျမရဲ့အဖွား၊ အမျိုးထဲက နောက်ထပ် ကြီးတော်အဖွားတယောက်၊ ဘကြီးတယောက်တို့နဲ့ အရင်းနှီးဆုံး သူငယ်ချင်းတယောက်ရဲ့ အမေတို့ ဆုံးပါးသွားခဲ့ကြပါပြီ။

သူတို့တွေနဲ့ ဘယ်လိုမှ ပြန်မဆုံနိုင်တော့ပါဘူး။ တွေးမိရင် ဝမ်းနဲမိတာ အမှန်ပဲ။

ဘဝရပ်တည်မှု့ ပိုပြီးခိုင်မာအောင် အခုကျောင်းကတဖက်၊ အလုပ်ကတဖက် ဖြစ်လာရပြန်တော့ ဒါဟာ အကြောင်းပြချက်တခု ဖြစ်လာရပြီး ဘယ်လောက်ထပ်ကြာအောင် ခွဲနေရအုံးမယ် ဆိုတာ မသိရပဲ ချစ်သောသူများရဲ့ နွေးထွေးသော ရင်ခွင်တွေ၊ အေးချမ်းသော မေတ္တာတွေနဲ့ ဝေးနေရတော့တာပါ။

ဘာရယ်မဟုတ်၊ ဒီပိုစ့်လေး သီတင်းကျွတ်လပြည့်နေ့အမှီ အမြန်ကောက်ခါငင်ကာ ရေးလိုက်တာပါ။

အခု အလုပ်ကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုံမှာန် အလုပ်ချိန်အပြင် တပါတ်ကို ၂ရက် ညနေပိုင်း အလုပ်အပြီးမှာ ကျောင်းသူပြန်ဖြစ်နေရပြန်ပြီမို့ အချိန်ဟာ ရှားသထက်ရှား အလုပ်ရှုပ်၊ စာလေ့လာကျက်မှတ်နေရလို့ ဘလောဂ့်နဲ့ ခေတ္တဝေးနေအုံးမှာပါ။

ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှာမို့ စာဖတ်သူတွေ ကိုယ့်ကို မေ့သွားမှာတော့ မလိုလားမိပါဘူး။ မေတ္တာငတ်နေသူမို့ပါလေ။

ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေရှင်။


ချစ်ခင်လေးစားစွာ

စိုးမြနန္ဒာသက်လွင်
အောက်တိုဘာ ၁၂ ၂၀၁၁
သီတင်းကျွတ်လပြည့်နေ့


Related Posts:

သီတင်းကျွတ်လပြည့်နေ့ ၂၀၀၈

သီတင်းကျွတ်လပြည့်နေ့ ၂၀၀၉

သီတင်းကျွတ် ညလေးတည

More...

Monday, 19 September 2011

8

●••·˙စက်တင်ဘာရဲ့ ဒိုင်ယာရီ˙·••●

ဒီနှစ်အတွက် ရက်ရှည် holiday ခရီး မသွားခင် ဒီသီချင်းလေးတပုဒ် ဘလောဂ့်ပေါ် အမှတ်တရ တင်ချင်လို့ ပိုစ့်အဖြစ် တင်လိုက်ပါတယ်။

သွားရမယ့် ခရီးက တခါမှ မသွားဖူး၊ မရောက်ဖူးပါဘူး။ အဲဒီအတွက် ရင်ခုန်မိတယ်။

ဒီနှစ်ထဲမှာ ဒီခရီးပါနဲ့ဆို သူနဲ့ ၅ကြိမ်မြောက် သွားခြင်းလို့ ဆိုရပါမယ်။ ကိုယ်နဲ့ သက်ဆိုင်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ Greece ကိုပါ။

ဒီနေ့ လန်ဒန်ရဲ့ မနက် ၁၁နာရီမှာ British Airways နဲ့ Terminal 5 ကနေ သွားရမှာ ဖြစ်ပါတယ်။ လန်ဒန်ကနေ အေသင်မြို့ကို လေယာဉ်ပျံသန်းချိန် ၃နာရီခွဲပဲ ကြာမှာဖြစ်တယ်လို့ သိရတယ်။

Athens - Mykonos - Santorini ဆိုတဲ့ မြို့၃မြို့ကို ၂ပတ်ကြာ လည်ပတ်ဖြစ်ပါမယ်။ အဲဒီက အပြန်ကြရင် အချိန်ယူပြီး ဘလောဂ့်ပေါ် ဓါတ်ပုံအက်ဆေးလေးအဖြစ် မှတ်တမ်းတင်ဖြစ်အောင် ကြိုးစားမယ် စိတ်ကူးထားတယ်။

ဟိုတခါ ဒီနှစ် Valentine တုန်းက သူနဲ့ ၁ပါတ်ကြာ သွားဖြစ်တဲ့ Maldive Islands ခရီးကို ဖေ့စ်ဘွတ်မှာပဲ ဓါတ်ပုံအယ်လ်ဘမ်အဖြစ် တင်ဖြစ်ပြီး ဘလောဂ့်ပေါ် ပိုစ့်အဖြစ် ရောက်မလာခဲ့ဘူး။

တခြားခရီးတွေကတော့ weekend လိုမျိုးမှာ၊ အလုပ်ပိတ်ရက်ရှည်ရတဲ့အခါမျိုးမှာ အလည်သွားဖြစ်တဲ့၊ ရောက်ဖူးနေတဲ့ အိမ်နီးခြင်း Europe နိုင်ငံတွေမို့ ကိုယ့်အတွက် သိပ်မထူးခြားလှဘူး။

ဖေ့စ်ဘွတ်ရဲ့ လွှမ်းမိုးခြင်းခံရတော့ ဘလောဂ့်ပေါ် တာဝန်မကျေလို့ အဲလိုကျ ကိုယ့်ဆီ စာလာဖတ်သူတွေအပေါ် မတရားသလို တခါတခါ ခံစားရတယ်။ ဖေ့စ်ဘွတ်က ကိုယ်ကန့်သတ်ထားသူသာ ကြည့်ရှု့ခွင့်ရပြီး ဘလောဂ့်ကတော့ မည်သူမဆို လွတ်လပ်စွာ ကူးသန်းသွားလာ ဖတ်ရှု့လို့ ရနေတာကိုး.., နော်။

ဖေ့စ်ဘွတ်မှာ ပါဆင်နယ်အရမ်းဆန်တာမျိုးနဲ့ အလုပ်ဆိုင်ရာက လွဲလို့ အပျော်သွားဖြစ်ခဲ့တဲ့ ခရီးသွား ဓါတ်ပုံအယ်လ်ဘမ်တွေ တင်ရခြင်းက ခရီးသွားမှတ်တမ်းအဖြစ် အမှတ်တရ မှတ်တမ်းတင်ခြင်း သတ်သတ်ရယ်ပါ။

တချိန် အသက်ရလာတဲ့အခါ ဒီလိုနေရာလေးတွေ ရောက်ဖူးခဲ့တယ်ဆိုတာကို ပြန်တွေးကြည်နူးမှတ်မိနေဖို့လို့ ဆိုပါတော့။

သူကတော့ ကိုယ့်ကို သူ့ မွေးရပ်မြေဆီ ဂုဏ်ယူစွာ အလည်ခေါ်သွားပြီး သူ့မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တချို့နဲ့ မိတ်ဆက်ပေးခါ၊ သူ,အမြဲပြောပြလေ့ရှိတဲ့ နှစ်ပေါင်း ၇၀၀၀ကျော်ပြီဆိုတဲ့ သမိုင်းဝင် အေသင်မြို့ဟောင်း၊ စာဖွဲ့မမှီအောင် လှရက်လွန်းတယ်ဆိုတဲ့ Mykonos နဲ့ Perissa ကမ်းခြေ၊ ဒဏ္ဌာရီဆန်တယ်ဆိုတဲ့ Santorini မြို့က မမေ့ရက်စရာ Oia ညနေဆည်းဆာအလှတို့ကို သူနဲ့အတူ ကိုယ်တိုင် မျက်ဝါးထင်ထင် ခံစားရတော့မှာပေါ့လေ။

အဲဒီအတွက် ရင်ခုန်နေမိတာပါ။ ဒီည အိပ်မရတာနဲ့ ဒိုင်ယာယီပိုစ့်လေး ထရေးလိုက်တယ် ဆိုပါတော့။

ကိုယ်လဲပဲ သူ့ကို ကိုယ်ချစ်တဲ့ အမိမြေကို ခေါ်သွားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့အလှကို ဂုဏ်ယူဝင့်ကြွားစွာ ပြခွင့်ရချင်မိတယ်။

ဒီနှစ်ထဲတော့ မဖြစ်နိုင်တော့ပါဘူး။ ခရီးက ပြန်ရောက်တာနဲ့ ကျောင်းသူဘဝ ပြန်ရောက်ရပြန်ပါပြီ။ အလုပ်တဖက်၊ ကျောင်းတဖက်နဲ့ တွေးရင်း ရင်လေးမိတာတော့ အမှန်ပါပဲ။ ဒီနှစ်ထဲ ရက်ရှည်ခရီးအဖြစ် ဒီခရီးသွားပြီးရင် သွားဖြစ်တော့မှာ မဟုတ်ပါဘူး။

အခုတော့ စာတွေ၊ အလုပ်တွေနဲ့ မနိုင်မနင်း မဖြစ်ခင် တနှစ်တာရဲ့ စိတ်ဖိစီးမှု့တွေကို ဒီခရီးမှာ ဖြေလျော့မိမယ်လို့ တွေးထင်ရင်း.., စိတ်လှုပ်ရှားနေမိပါတယ်လို့ ဆိုရင်း.., လမကုန်ခင်မှာပဲ

♫♪.♪ Summer has come and passed
The innocent can never last
wake me up when September ends ♫♪.♪


လို့ တိုးတိုးရွှတ်ဆိုရင်းနဲ့ စက်တင်ဘာကို လက်ပြနှုတ်ဆက်လိုက်ပါတယ်။

ဒီပိုစ့်နဲ့အတူ သီချင်းလင့်ခ်က လတ်တလော နားထောင်ဖြစ်တဲ့ Damien Rice ရဲ့ Cannonball ဆိုတဲ့ သီချင်းလေးပါ။

ဒေါင်းလုပ်ဒ် MP3ဖိုင် အဆင်သင့် မရှိလို့ ယူကျူ့က ဗီဒွီယိုကလစ်ပဲ တင်လိုက်ရတယ်။

ပျင်းစရာ ကောင်းတယ် ထင်ရပေမယ့် သေချာနားထောင်ရင် သီချင်းစာသားတွေက အရမ်းထိမိပါတယ်။

နားထောင်ကြည့်ပါအုံး။




♫♪ Stones taught me to fly
Love taught me to lie
Life taught me to die
So it's not hard to fall
When you float like a cannonball ♫♪



စာဖတ်သူအပေါင်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေရှင်။


မေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင်
Kensington, London
03:27AM

Related Post: ●••·˙❤ "ဖေဖေါ်ဝါရီ မှတ်တမ်း" ❤˙·••●

More...

Thursday, 1 September 2011

6

" လွတ်လပ်ပျော်ရွှင် ဘလောဂ့်ဂင်းချင် "

Blog Day အမှတ်တရ
August 31 2011

မင်္ဂလာပါရှင်

မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ပထမ နှုတ်ခွန်းဆက်သပါတယ်။

ဘလော့ဂါများနဲ့ စာဖတ်သူများကို ဆက်သွယ်ပေါင်းကူးပေးတဲ့ ဘလောဂ့်လောကဟာ ပန်းခြံကြီးလို စည်စည်ကားကားနဲ့ ပွင့်ဖူးဝေဆာလို့ နေကြပါတယ်။

စာရေးသူ ဘလော့ဂါများနဲ့ စာဖတ်သူများအတွက် သတ်သတ်မှတ်မှတ် ထားရှိတဲ့ ဘလောဂ့်ဒေး (Blog Day) ဟာ သြဂုတ်လ ၃၁ရက်ဆိုတာ ဘလောဂ့်နဲ့ ထိတွေ့ ရင်းနှီးသူများ သိပြီးဖြစ်မှာပါနော်။

ဒီဘလောဂ့် ပန်းခြံကြီးထဲမှာ အရှိန်အဝါ ကောင်းကောင်းနဲ့ အပင်ကြီးတွေ ဖြစ်လို့ ဒီအပင်ကြီးတွေမှာ အကိုင်းအခက်တွေ စုံလင်ပြီး အရိပ်အာဝသ ကောင်းကောင်းနဲ့ နေရာ အရပ်ရပ်က ကျေးငှက်ရောင်စုံတို့က ခိုနား နေကြတာတွေ ရှိပြီး၊ အနားယူသွားတဲ့ စွန့်ခွါသွားတဲ့ အပင်ဟောင်းတွေလဲ ရှိနေပါတယ်။ ထို့အတူ ဖူးစငုံစ ပန်းကလေးတွေ၊ အလှမာန်တင့်ကြွယ်နေတဲ့ ပန်းကလေးတွေ၊ မထင်မရှားဟန်နဲ့ ပန်းကလေးတွေ အများကြီး ဝေဆာပွင့်ဖူးနေကြပါတယ်။

အဲဒီ ပန်းခြံကြီးထဲက မထင်မရှားဟန်နဲ့ ထိရှခံစားတတ်တဲ့ ပန်းကလေးတပွင့်အဖြစ် "My Wonderful Moral Thoughts" လို့ အမည်တွင်တဲ့ ကျမရဲ့ ဘလောဂ့်စာမျက်နှာလေးလဲ အပါအဝင်ပေါ့ရှင်။

နှစ်သက်ရာ တေးသီချင်း သံစဉ်များ ဝေမျှလိုက်၊ ခံစားချက်လေးတွေ ရင်ဖွင့်လိုက်၊ ကဗျာလေးတွေ ရေးဖွဲ့လိုက်နဲ့ ကျမရဲ့ ဘလောဂ့် စာမျက်နှာလေးမှာ ကိုယ့်ယုံကြည်ချက်အတိုင်း ပျော်ရွှင်ရင်း၊ ၀မ်းနည်းရင်း၊ လွမ်းစရာလေးတွေဖြစ်ရင်း၊ လဲပြိုခြင်း၊ ထမတ်ခြင်း၊ ကြည်နူးပီတိဖြစ်ရင်း စတဲ့ ခံစားမှု့ အစုံစုံနဲ့ လမ်းဆက်လျှောက်နေတာ ၃နှစ်ကျော်လို့ ၄နှစ်ထဲ ဝင်လာပြီဖြစ်ပါတယ်။

ပိုစ့်တွေ အများကြီးကို ကျမ စိတ်ကူးတွေထဲ ရေးနေတာ ကြာပါပြီ။

ကိုယ်ရေးကိုယ်တာနဲ့ လူမှု့ရေးလုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရတဲ့ အလုပ်တာဝန်တွေနဲ့ ပါတ်သတ်ရာ ပါတ်သတ်ကြောင်းတွေ စသည်တို့နဲ့ ပတ်ချာလည်နေပြီး အချိန်တွေ ရှားပါးလာတဲ့အတွက် စိတ်ကူးသာရှိတယ်၊ အကောင်အထည် မဖော်ဖြစ်ပါဘူး။

ဖေ့စ်ဘွတ်ဆိုတဲ့ လူမူ့ကွန်ယက် ဆက်သွယ်ရေးဟာ အရှိန်အဝါကြီးလာတဲ့ အခါ ဘလောဂ့်ဆိုတဲ့ဖက် ကျမ မလှည့်ဖြစ်တော့ဘူး။

ဟိုးးးးးအရင် ၂၀၀၈ခုနှစ်၊ သုံးနှစ်ကျော် အခါက ဘလောဂ့်ဆိုတာ သိစပြုလို့ ကျမ စတင် လျှောက်လှမ်းခဲ့တဲ့ အချိန်မှာ ဒီဘလော့ဂ် စာမျက်နှာကို တနေ့ ဆယ်ကြိမ်ထက်မနဲ ဝင်ပြီး ပျော်မြူးခဲ့တဲ့ ကျမ အခု ပိုစ့်ပုံမှန် မရေးဖြစ်တဲ့ အပြင် ၁ပါတ်၁ခါတောင် ဝင်မကြည့်နိုင်တော့ပါဘူး။

ကျမကသာ ကျမရဲ့ ဘလောဂ့်စာမျက်နှာကို စိမ်းကားရက်ပေမယ့် ဘယ်အချိန် ကျမ ပြန်လာလာ၊ ဒီဘလောဂ့် စာမျက်နှာလေးဟာ ကျမကို အပြစ်မမြင်တဲ့ နွေးထွေးပျူငှာစွာ ကြိုဆိုခြင်းမျိုးနဲ့ အမြဲ ကြိုဆိုနေပါတယ်။

တကယ်တော့ ဒီဘလောဂ့်စာမျက်နှာဟာ ကျမရဲ့ ဒုတိယအကြိမ်မြောက် စာမျက်နှာလေးပါ။ ဒီစာမျက်နှာ မတိုင်ခင် ကျမမှာ အရင် တည်ဆောက်ခဲ့ရတဲ့ စာမျက်နှာလေး ရှိခဲ့ဘူးပါတယ်။


အဲဒီ ပထမဆုံးသော စာမျက်နှာကို စာရေးသက် ၃လလောက်အကြာမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြိုဖျက်ခဲ့ရာကနေ ခဏတာ ရပ်နားခဲ့တဲ့ အချိန်တိုလေး အတွင်းမှာပဲ ယခု ဒီစာမျက်နှာလေးကို ကျမ ပြန်လည်တည်ဆောက် ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီဘလောဂ့် စာမျက်နှာကို စတင် တည်ဆောက်ခဲ့စဉ်ထဲက ကွန်ယက်ဒိုင်ရာရီအဖြစ်သာ ဖွင့်လှစ်ခဲ့ပြီး ကျမနှစ်သက်ရာ တေးသီချင်း သံစဉ်များ၊ ကဗျာများ၊ ကျမဘဝနဲ့ ကျမရဲ့ စိတ်ခံစားရာ တစိတ်တဒေသကိုသာ ရေးဖြစ်ခဲ့ပါတယ်။

ဆိုရရင်. . . . ,

ဘာကြောင့် ဘလော့ဂ်ကို ရေးရပါသလဲ။ ဘာကြောင့် ဆက်ရေးဖြစ်နေပါသလဲ ဆိုတာနဲ့ အနဲငယ် ပြောလို့ စပါရစေရှင်။

ဘလော့ဂ်ရေးတာဟာ ရေးနေတဲ့သူတွေ အားလုံးအတွက် "စိတ်ကူးတွေ တောင်ပံဖြန့်ရာ စိတ်လွင်ပြင်ကျယ်တခု" ဒါမှမဟုတ် "စိတ်ထွက်ပေါက်" တခုပါပဲ။

မိမိပြောချင်တာ၊ ခံစားနေရတာ၊ ဖြစ်ချင်မိတဲ့ ဆန္ဒတွေ၊ ပျော်စရာပဲ ဖြစ်ဖြစ်၊ ကြည်နူးစရာပဲ ဖြစ်ဖြစ်၊ လွမ်းစရာပဲ ဖြစ်ဖြစ်၊ ကြေကွဲစရာပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးတွေ၊ ခံစားချက်တွေကို သူတပါးကို ပြန်ပြောပြ၊ မျှဝေရုံတင် မဟုတ် ကိုယ့်ဖာသာ ကိုယ်လဲ မျှဝေခံစားနိုင်လို့ (Sharing Ourselves) စိတ်ကို အစအဆုံးမရှိ ဖြန့်ကျက် ထွက်ပေါက်ပေးတဲ့ နေရာတခုပါပဲ။

ဘလော့ဂ် စာမျက်နှာပေါ်ကနေ နေ့စဉ် ဖြစ်ပျက်နေတဲ့ မိမိရဲ့အတွေ့အကြုံ၊ ခံစားမှု့က အစ၊ ကိုယ့်ယုံကြည်မှု့ ရပ်တည်ချက်တွေအထိ အဆုံး ဘယ်သူ့ရဲ့ ထိမ်းချုပ်တည်းဖြတ်မှု့ကိုမှ မခံရဘဲ လွတ်လပ်စွာ ရေးသားခွင့်၊ တင်ပြခွင့်၊ မျှဝေခွင့် ရကြပါတယ်။

ဒီအချက်တွေကြောင့် ဘလော့ဂ်ကို အစပြုဖြစ်ခဲ့ပြီး ဆက်ရေး ဖြစ်နေပါတယ် ဆိုရပါမယ်။

ဘလော့ဂ်ရေးတဲ့ အတွက် အရင်က စာဖတ်မနာခဲ့တာ စာတွေ ပိုဖတ်ဖြစ်လာပါတယ်။ ကိုယ်ပြောပြချင်တဲ့ အချက်အလက်တွေ၊ တွေးမိတဲ့ အတွေးစိတ်ကူးတွေကို အထောက်အကူဖြစ်ဖို့ စာတွေ ပိုဖတ်ဖြစ်ပါတော့တယ်။

ဘာစာအုပ်မှ ကိုင်ပြီး သီးသန့် မဖတ်ဖြစ်ခဲ့စေအုံး တခြားသော ကိုယ်နှစ်သက်ရာ ဘလောဂ့်ဂါတွေရဲ့ အရေးအသား၊ တင်ပြချက်တွေကို ဖတ်မှတ်လေ့လာရင်း၊ နည်းနာယူရင်းနဲ့ စာတွေ ပိုဖတ်ဖြစ်ပါတော့တယ်။

ပညာဆိုတာ ယူတတ်ရင် နေရာတိုင်းမှာ ရှိပါတယ်။ ဘလောဂ့် ဖတ်ခြင်းနဲ့ ရေးခြင်းတို့ကြောင့် ကျမရဲ့ မြန်မာစာ အရေးအသား၊ အပြောအဆိုဟာ တိုးတက်မှု့ အများကြီး ရှိလာတယ်ဆိုတာ ငြင်းမရပါဘူးရှင်။

ဒါကို ဟိုးအရင်ကထဲက ကျမရဲ့ ဘလော့ဂ်စာမျက်နှာကို ဖတ်လာဖြစ်မယ့် စာဖတ်သူတွေလဲ သတိထားမိမယ် ထင်ပါတယ်။

ကျမအတွက်တော့ ဘလောဂ့်ပေါ်မှာ ပညာတွေ တော်တော်ရသလို လူတွေအကြောင်း ပိုသိ၊ ပိုနားလည် လာပါတယ်။



အဲဒီလို ဘလောဂ့်ပေါ်မှာ ပညာတွေ ရလာတော့ အပြင်လောကမှာလဲ ပိုတွေး ပိုမြင်၊ ပိုနေတတ် ထိုင်တတ်လာပြီး လူတွေကို ပိုဆက်စံတတ် လာတယ်။ လေ့လာစရာ သင်ခန်းစာ ယူစရာတွေဟာ အပြင်လောကမှာရော ဘလောဂ့်ပေါ်မှာပါ တွေ့ရတယ်။

ဘလောဂ့်ပေါ်မှာ အသိပညာတွေ၊ အမြင်အတွေးတွေ လူတွေရဲ့ စိတ်နေသဘောထားတွေကို မြင်တွေ့ နေရတာ တကယ်ကို သင်ခန်းစာရတဲ့ အတွေ့အကြုံတွေပါပဲ။ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါပဲ။

ကျမ အနေနဲ့တော့ ဘလော့ဂ်ကို ဒိုင်ယာရီလို ပုံစံမျိုး ရေးတာဖြစ်လို့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကဗျာတချို့တွေ အားလုံးဟာ ဟိုမရောက် ဒီမရောက် တွေပါပဲ။ မဖြစ်စလောက် ဥာဏ်လေးနဲ့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကဗျာတွေကို စာရေးတဲ့ အချိန်နဲ့ အတွေးလေး ရင်းပြီးတော့ ရေးရတာပါ။

ပိုစ့်ရေးတယ် စာရေးတယ်ဆိုတာကလဲ မုဒ် (Mood) ဝင်နေမှ၊ ခံစားချက် အခံ အကြည်ဓါတ်လေး ရှိနေမှလဲ အတွေးလေး ပေါ်လာပြီး ရေးလို့ ရတာမျိုးလေ။

ဒီလိုပြောလို့ ကိုယ်တင်နေတဲ့ ရေးနေတဲ့ ပိုစ့်တွေဟာ Professional ဆန်ဆန်တွေ မဟုတ်ပါဘူး။

ဒိုင်ယာရီလိုမျိုး ရေးဖြစ်တဲ့အတွက် ရေးဖြစ်ခဲ့တဲ့ ပိုစ့်တိုင်းလိုလိုဟာ ကိုယ်ရေးကိုယ်တာ (Personal) အရမ်း ဆန်တာမျိုးတွေ၊ Personal Information တွေကို မျှဝေနေသလိုမျိုးတွေ၊ ကိုယ့်ရဲ့ ခံစားမှု့ Privacy တွေကိုသာ ရေးဖြစ်နေတာမျိုးလေ။

အမြဲမဟုတ်တောင် အချိန်ရရင် ရသလို အခွင့်အခါရှိတိုင်း ထပ်လဲ ရေးဖြစ်နေအုံးမယ် ထင်တာပါပဲ။

ကိုယ့်အကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်ကြိုက်နှစ်သက်ရာလေးတွေ၊ ကိုယ်ခံစားမိတာတွေ အကြောင်း ရေးတတ်ရုံက လွဲလို့ ကျန်တာလဲ ကိုယ်က မတွေးတတ် မရေးတတ်လေတော့ ခက်ပါတယ်ရှင်။

ဘယ်လိုပဲဖြစ်ဖြစ် စာရေးတဲ့အခါ ကိုယ့်အကြောင်းတွေကို ဘယ်လောက် ထုတ်ပြောလိုက်လဲ၊ ဘယ်လိုခံစားချက်နဲ့ ဘာကြောင့် ပြောလဲဆိုတာ သိနားလည်ဖို့ အရေးကြီးပါတယ်။

ထိမ်းချုပ်မှု့လေးနဲ့ ပြောသင့်တာ ပြောတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ အတွေ့အကြုံဆိုတာ ဖလှယ်ဖို့ မဟုတ်လားလေနော်။

လူတဦးနဲ့ တဦးကြား ဆက်သွယ်ကြ (Communication)တဲ့ အခါမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို လွယ်ကူစွာ နားလည်စေနိုင်ပြီး၊ မျှဝေခံစားနိုင်စေရင် လူမှု့ဆက်စံရေးတတ်တယ်လို့ ဆိုရပါမယ်။

တဦးနဲ့တဦးကြား ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မတင်ပြနိုင်ဘူး၊ တဖက်သား နားမလည်နိုင်ဘူး မျှဝေခံစားစေနိုင်ခြင်း မရှိဘူး ဆိုရင် ဆက်သွယ်မှု့ မအောင်မြင်ဘူးလို့ မြင်ပါတယ်ရှင်။


ဒါ့ကြောင့် ကျမ ရေးဖြစ်ခဲ့တဲ့ ရေးဖြစ်နေအုံးမယ့် စာတွေဟာ သုတ၊ ရသ၊ အသိအမြင်၊ ဗဟုသုတ ရချင်မှ ရမယ်၊ အနည်းဆုံး စာဖတ်သူကို အပျင်းပြေစေလောက်တယ်၊ ကိုယ်ရေးလိုက်တာကို နားလည်သဘောပေါက်ပြီး မျှဝေ ခံစားနိုင်တယ်ဆိုတဲ့ ဖျော်ဖြေမှု့ ရကြမယ်ဆိုရင် စာရေးလို့ ကုန်သွားခဲ့တဲ့ အချိန်တွေ၊ အားထုတ်ခဲ့ရမှု့တွေ အတွက် ကျေနပ်ပါတယ်။

ရှေ့ဆက်လျှောက်ဖို့ ခြေလှမ်းတွေအတွက်လဲ အားအင်သစ်တွေ ဖြစ်စေပါတယ်။

မည်သို့ပင်ဆိုစေ ခံစားမှု့တွေကို ကိုယ့်ဘလောဂ့် စာမျက်နှာပေါ်မှာ စကားလုံးတွေအဖြစ် ဖွင့်ချရေးလိုက်တာဟာ စာဖတ်သူ အနေနဲ့ နားလည်နိုင်စွမ်း ရှိပြီး, ကျမနဲ့ စာဖတ်သူများ အကြားမှာ "ခိုင်မြဲတဲ့ ရင်းနှီးမှု့" တခု ရခဲ့မယ် ဆိုရင် ရင်းလိုက်ရတဲ့ အချိန်တွေ အားလုံးအတွက် တန်ဖိုးအရှိဆုံးသော လက်ဆောင်မွန် တခုပါပဲ။

တကယ်တမ်း ရေရှည်မှာ ဘလောဂ့် အပင်တခု ရှင်သန်နေနိုင်ဖို့က ၀ါသနာဆိုတဲ့ မြေဆီမြေနှစ်၊ အချိန်ဆိုတဲ့ မြေလောင်းပေါင်းသင်မှု့နဲ့ အခြားအရာတွေပါ ရင်းပြီးမှ ဖြစ်တာမို့ လွယ်ကူလှတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။

လူတိုင်းမှာ ခံစားချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ ရပ်တည်ချက်ကိုယ်စီ ရှိကြပါတယ်။

ဘ၀ဆိုတာ တသမတ်တည်း မရှိသလို လမ်းဆိုတာလည်း တဖြောင့်တည်း တညီတည်း မရှိနေနိုင်ပါဘူးရှင်။

ကွဲပြားတဲ့ နေရာဒေသ အခြေအနေ၊ မတူညီတဲ့ ရှင်သန်ကြီးပြင်းမှု၊ လေ့လာသိရှိခွင့်ရတဲ့ ပညာရပ် စတာတွေကို အခြေခံပြီးတော့ ခံစားယုံကြည်တဲ့ ရပ်တည်ချက် အမျိုးမျိုး ရှိကြပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ ကိုယ်သွားလာရမယ့် လမ်းဟာ အနေအထားအရ ဖြောင့်ဖြူးနေပါစေ၊ ကွေ့ကောက်နေပါစေ လမ်းတိုင်းမှာ ပန်းတိုင်ဆိုတာတော့ ရှိရမှာပါ။

အဲဒီပန်းတိုင် မရောက်ခင်မှာ ဘယ်လောက်ပဲ လွယ်ကူပါစေ၊ ခက်ခဲပါစေ အဓိက,က ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် လျှောက်နေဖို့ပါပဲနော်။

အယူအဆရေးရာ အရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ် ခြားနားမှုကို လက်ခံနိုင်ပြီး အမြင်မတူသူတွေ ရှိလာရင် ဘာကြောင့် အမြင်မတူသလဲ၊ သူ့ ရပ်တည်ချက်က ဘာလဲ ဆိုတာနဲ့ အပြန်အလှန် အပေးယူမျှတလို့ တလေးတစားနဲ့လက်ခံ ဆက်စံနိုင်ရင် ကိုယ်နေထိုင်ရာ ဘဝလောကကြီးက အမြဲသာယာနေနိုင်မယ် ထင်ပါတယ်။

မြန်မာဘလောဂ့်ရွာမှာ ဒီဘလောဂ့် စာမျက်နှာလေးနဲ့ ဘလောဂ့်ဂင်းစဉ် ကာလတလျှောက် ကျမ ကြည်နူးပျော်ရွှင်ခဲ့ဖူးတယ်၊ ရင်ခုန်ခဲ့ဖူးတယ်၊ ၀မ်းနည်းပြီး ကြေကွဲငိုရှိုက်ခဲ့ဖူးတယ်၊ ခံစားချက်တွေ ဖွင့်ချခဲ့ဖူးတယ်၊ လူငယ်အလျှောက် ပေါက်ကွဲခဲ့ဖူးတယ်၊ လမ်းလျှောက်တတ်တဲ့ ကလေးငယ်တယောက် ခဏခဏ လဲကြသလို ပြိုလဲခဲ့ဖူးတယ်၊ အကွပ်မဲ့ကြမ်းလို ပရမ်းပတာ နိုင်ခဲ့ဖူးတယ်။

တဆက်ထဲမှာပဲ ဒီပိုစ့်နဲ့အတူ ကျမ လေးစားစွာဖြင့် တောင်းပန်စကား ဆိုပါရစေရှင်။

ဒီစာမျက်နှာပေါ်ကနေ မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများအပေါ်ကို ကျမ မောက်မာပြစ်မှား စော်ကားခဲ့ဖူးတာတွေကို ခွင့်လွှတ်နားလည်ပေးဖို့ အနူးအညွှတ် ဝန်ချတောင်းပန်အပ်ပါတယ်။

ဒီစာမျက်နှာမှာ နေ့စဉ် လူစည်ကားမနေပါဘူး။

ဒါပေမယ့် တရွေ့ရွေ့သွားနေတဲ့ ဒီလမ်းခရီးမှာ အရင်ကလိုတော့ ဘလောဂ့်ဂင်းတာမျိုး မရှိတော့ပေမယ့် ရှေ့လျှောက် ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ပိုစ့်တွေ စိတ်စိတ် မရေးဖြစ်ရင်တောင် တခါတရံ ရေးဖြစ်နေအုံးမယ် ထင်ပါတယ်။

ကျမနှစ်သက်တဲ့၊ ကျမ အမြဲ ဖတ်နေတဲ့ ဘလောဂ့်များက ကျမရဲ့ ဒီဘလောဂ့် စာမျက်နှာရဲ့ side bar မှာ ဖော်ပြပေးထားတဲ့ ဘလောဂ့်တွေ အားလုံး ဖြစ်ပါတယ်။

ကျမရဲ့ ပိုစ့်တွေကို အချိန်ပေးပြီး လာရောက်ဖတ်ရှုတဲ့ ပုံမှန် စာဖတ်သူတွေရော၊ ဟိုမှဒီမှ ရောက်လာတဲ့ စာဖတ်သူတွေကိုပါ ''အထူး ကျေးဇူးတင်ပါတယ်''လို့ အားပါးတရ ဒီနေရာက ပြောပါရစေရှင်။

ပုံမှန် စာဖတ်သူတွေ၊ ကွန်မန့်ချန်ခဲ့သူတွေကိုတော့ တကယ့်ကို လေးစား တန်ဖိုးထားမိပါတယ်။

ဒါ့အပြင် ဟိုးအရင်ထဲက ခြေရာမချန်၊ စာလာဖတ်တာ လူမသိစေတဲ့ တိတ်တဆိတ် ပုံမှန် စာဖတ်သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။

အခုမှ စာလာဖတ်သူတွေနဲ့၊ မျိုးဆက်သစ် ဘလောဂ့်ဂါများကိုလဲ နွေးထွေးစွာ ကြိုဆိုပါတယ်။ အခုဆိုရင် ရွှေပြည်ကြီးမှာ ဘလောဂ့်ဆိုတာကို လွတ်လပ်စွာ အသုံးပြုခွင့်ရပြီဖြစ်လို့ ဝါသနာတူ တက်သစ်စ လူငယ်များကို ကြိုဆိုပါတယ်ရှင်။

အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှု့ များကို အမြဲလေးစားစွာ ကြိုဆိုပါတယ်။


လွတ်လပ်ပျော်ရွှင် ဘလောဂ့်ဂင်းချင်တဲ့ ကျမ စည်းလွတ်ဝါးလွတ် မဖြစ်အောင် ကိုယ့်ကိုကိုယ် ပြင်ယူရင်း၊ ချစ်ခြင်းဖြင့် ဆုံးမသွှန်သင်ပေးမယ့် စာရေးဖော် မောင်နှမ ဘလောဂ့်ဂါများရဲ့ မေတ္တာနဲ့၊ စာဖတ်သူများရဲ့ စစ်မှန်စွာ ဝေဖန်ထောက်ပြမှု့များဟာ ကျမအတွက် အားသစ်လောင်းစေတာ အမှန်ပါပဲ။။

ကျမကို အပြစ်မမြင်ကြတော့ပဲ မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများ အားလုံးရဲ့ ပွင့်လင်းတဲ့ ရင်ခုန်သံ၊ ရင်းနှီးတဲ့ ဝေဖန်သံကို ကျမ ကြားချင်ပါတယ်ရှင်။ ကျမကို ကြားနာခွင့်ပြုပါနော်။


မြန်မာဘလော့ဂါ တယောက် ဖြစ်ရတာကို အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ''ကျေးဇူးတင်ပါတယ်'' ဆိုတဲ့ စကားထက် ပိုမိုကောင်းမွန်တာ တွေးမရလို့ ကျမကို ချစ်ခင်သူ၊ နှစ်သက်သူ၊ မုန်းသူ၊ မနှစ်သက်သူ၊ ဆန့်ကျင်သူများ အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင် တန်ဖိုးထားကြောင်း ရိုးရှင်းစွာ၊ လေးစားစွာဖြင့် ဘလောဂ့်ဒေး (Blog Day), သြဂုတ်လ ၃၁ရက် ၂၀၁၁ "အမှတ်တရ" အဖြစ် ထပ်လောင်း ပြောပါရစေရှင်။


MBS နဲ့ မြန်မာဘလောဂ့်လောက အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ။


ဝန်ခံချက်:
ဘလောဂ့်နဲ့ ပါတ်သတ်တာရယ်၊ ကျမရဲ့ ဘလောဂ့် စာမျက်နှာနဲ့ စပ်လျဉ်းတာရယ်တွေကို ကျမရဲ့ ဒီစာမျက်နှာ ဟစ် နှစ်သိန်းပြည့်ခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရေးခဲ့တဲ့ "Hit (ဟစ်) နှစ်သိန်းပြည့်တဲ့ ဒီဇင်ဘာ 2010" ပိုစ့်မှာ တော်တော်များများ ပြည့်စုံသလောက် ရင်ဖွင့်ဖြစ်ခဲ့ပြီး၊ အဲဒီ ပိုစ့်မှာ ကျမရေးခဲ့တဲ့ စာများကို ကျမပြန်ဖတ်လေတိုင်း အမှတ်တရ ဖြစ်နေစေလို့ Blog Day, 2011 အမှတ်တရအဖြစ် အနဲငယ် ပြင်ဆင်ဖြည့်စွက် ရေးသားပါသည်။


ပုံများကို အင်တာနက်မှ ရယူ အသုံးပြုပါသည်။



စစ်မှန်သော မေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင်
August 31 2011
Kensington, London


Related Posts:

Happy Blogging 2008!

Update Diary ( မှတ်မှတ်ရရ )

"Hit (ဟစ်) နှစ်သိန်းပြည့်တဲ့ ဒီဇင်ဘာ 2010"

More...

Monday, 11 July 2011

4

သက်ဆိုင်သူသို့..., ♥ ♥

သက်ဆိုင်သူသို့..., ♥ ♥

♫..♪ ပို့မေတ္တာတေးလွှာဝေ.. ... .. ဘေးဘယာတွေကင်းပါစေ ♫..♪
♫..♪ သပြေနုငွေခရု ဇေယတုပြုတယ်လေ ♫..♪


မေ့မေတ္တာ ... .... ♥ .... ♥ .... ... မေ့မေတ္တာ... ....
သောက်ကာသုံး ပြုံးရွှင်စေ..... .... ..... .... :))





သက်ဆိုင်သူရေ...., ♥ ♥

♫..♪ မေ့အသံအား မှတ်မိပါရဲ့လားလေ ♫..♪
♫..♪ လွမ်းတသသ မှန်းဆကာနေ ... မှန်းဆကာနေ ♫..♪

♫..♪ နေ့တွေလတွေပြောင်းလာသရွေ့... ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ ♫..♪

သက်ဆိုင်သူမောင့်ကိုပဲ ... ♥ ♥ ... သက်ဆိုင်သူမောင့်ကိုပဲ
♫..♪ အမြဲမျှော်ကာ ... အမြဲမျှော်ကာ ... စောင့်ကြိုပါတယ်လေ ♫..♪


* * * * * * * * * * * *


အကြည်ဓါတ်ကလေးရတဲ့အခါ အမြဲတမ်းလိုလို နှစ်သက်လို့ ညည်းမိတဲ့ သီချင်းလေး ဘလောဂ့်ပေါ် အမှတ်တရ တင်ကြည့်တာပါ။

အချိန်တွေ ဘယ်လိုပြောင်းပြောင်း အသစ်တွေ ဘယ်လိုပင် ဆန်းသစ်စေတော့ ဘယ်တော့မှ မဟောင်းသွားစေတဲ့ ရင်းတွင်းစွဲရှိုက် သိပ်ကြိုက်မိတဲ့ သီချင်းလေးဆိုပါတော့။


♫..♪လွမ်းတသသ မှန်းဆကာနေ မှန်းဆကာနေ
နေ့တွေလတွေ ပြောင်းလာသရွေ့
ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ♫..♪

♫..♪ခွန်းသွဲ့သွဲ့ ပြောတဲ့စကားတွေ
မေ့အနားမှာပင် အစဉ်ကြားလို့နေ
သော်တာစန်း လွမ်းကာနေ
မျှော်ကာမှန်း လွမ်းပါသလေ လွမ်းပါသလေ♫..♪

သက်ဆိုင်သူရေ..., ♥ ♥

မေ့ကိုမှ မှတ်မိသေးပါရဲ့လားဟင်? ? ?



ဒီရက်ပိုင်း အလွမ်းဓါတ်တွေ ဝေနေမိတော့တာပါပဲ။ =^_^=


စာဖတ်သူများအားလုံး စိတ်နှလုံးရွှင်ပြုံး အေးချမ်းကြပါစေရှင်....


မေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင်
Kensington, London
04:27AM

More...