
ဆယ်ကျော်သက်အရွယ်ကထဲက အချစ်ဆိုတာကို ခံစား ရင်ခုန်ခဲ့ဖူးတယ်။
ဒါပေမယ့် အချစ်ရဲ့ အနှစ်အရသာကို သေသေချာချာ နားလည် သဘောမပေါက်ခဲ့ပါဘူး။
ရင်ခုန်ရင် အချစ်လို့ ထင်ခဲ့တဲ့ ကိုယ်., နှစ်ဆယ်ကျော် သုံးနှစ်ပတ်လည်အရွယ်ရောက်မှ နက်ရှိုင်းစွာ ချစ်တတ်လာတယ်။
ကိုယ့်ထက် အသက် ၆နှစ်ကြီးတဲ့ သူ့ကို တွေ့မှ သူ့ကြောင့် အချစ်ဆိုတာကို ချစ်တတ်လာတယ် ဆိုရမယ်။
ပွင့်လင်းစွာ ဝန်ခံပါရစေ။
တကယ်တော့ ကိုယ်ဟာ အချစ်ကြီးသူ တယောက်ပါ။ စိတ်ခံစားမှု့ကို သိပ်ဦးစားပေးတယ်။ အချစ်ကြီးသူမို့ ခံစားမှု့တွေလဲ ထုထည် ကြီးမားတယ်။ သိပ် ခံစားတတ်ပါတယ်။
အဆုံးမရှိ ခံစားရလွန်းလို့ နှလုံးသားတွေ ကြေပြွန်း ဆုတ်ပြဲ ခံစားမှု့တွေ ပျက်စီးလို့ ရင်မှာ ဗလာနတ္ထိ ဘာမှကို မရှိတော့ဘူး ဆိုရမှာပေါ့လေ။
မင်း နဲ့ ငါ သံယောဇဉ်တွေ နှောင်တွယ်ရစ်လို့ အချစ်ဆိုတာ အစပြု ခဲ့ကြတယ်။ အကြင်နာတွေ ပိုလို့ ရင်ခုန်သံခြင်း နီးစပ်ခဲ့ကြတယ်။ မင်း နဲ့ ငါ တဦးနဲ့တဦး ရူးအောာင် ချစ်ခဲ့ကြတယ်။
အချစ်ဆိုတာကို တန်ဖိုးထား ချစ်တတ်လာတာဟာ မင်းနဲ့မှ ဆိုတာ ချစ်သူ ယုံရဲ့လား။
ကြုံဆုံခဲ့တာဟာ ကြေကွဲဖို့ဆိုတာ သိခဲ့ရင် နာရီတွေ နောက်ပြန်လှည့် ငါချစ်ခဲ့တဲ့ ချစ်ခြင်းတွေ ပြန်လည် သိမ်းဆည်းချင်ရဲ့။
ဒါတွေ အတိတ်မှာ ကျန်ခဲ့ပါပြီလေ။
တကယ်လေးလေးနက်နက် ချစ်ခဲ့တဲ့ ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေ လွယ်လွယ်လေးနဲ့ ပြီးဆုံးသွားပေမယ့် နေရာတိုင်းမှာ မင်းအရိပ်တွေ ထင်နေတုန်းပါ။
ဆုံးရှုံးခဲ့ရတဲ့ ငါ့အတွက် ချစ်ခဲ့မိတာ ငါ မှားသွားလား။ အရှုံးနဲ့အမုန်းဟာ ငါ့အတွက်များ ဖြစ်နေလား။ ချစ်တတ်ခဲ့တဲ့ အချစ်အတွက် ငါ ကံမကောင်းခဲ့ဘူးလား။
အတ္တမာနကို ခဝါချ မင်းကို ချစ်ခဲ့တာ ထာဝရပါ။ ဘယ်ဆီဘယ်ဝယ် မသေချာတော့ပဲ ဇတ်သိမ်းသွားပြီမို့ တမ်းတနေလဲ မထူးတော့ပါဘူး။
မင်း..,
ငါတို့ တည်ဆောက်ခဲ့တဲ့ ချစ်ခြင်းတွေကို တချက်လောက် ပြန်လှည့်ကြည့်ဖို့ ကောင်းတယ်။
ဟိုတုန်းကလို ငါ့အပေါ် မချစ်နိုင်တော့ရင်တောင် ငါတို့ ချစ်ခဲ့တဲ့ ချစ်ခြင်းတွေ
ငါ..,
သိမ်းထားခွင့်ရချင်ပါရဲ့။
တကယ်ကြုံတွေ့ခဲ့ရလို့ ဒါတွေဟာ အိမ်မက် မဟုတ်ဘူး။
စိတ်ကူးယာဉ်ဆန်ဆန် တွေးတော ပြောနေတာ မဟုတ်ဘူး။

မေ့ပျောက်မရနိုင်လို့
ကြေကွဲဆို့နင့်စွာ တမြေ့မြေ့ခံစားနေရတာပါ။
ငါ့ရဲ့ ဆန္ဒတွေဟာ
မင်းက ကောင်းကင် ဆိုရင်
ငါ တိမ်တိုက် ဖြစ်ချင်တယ်။
မင်းက ပန်းတစ်ပွင့် ဆိုရင်
ငါ ဝတ်ဆံ ဖြစ်ချင်တယ်။
မင်းက တိမ်တိုက် ဆိုရင်
ငါ သက်တန့်တစင်း ဖြစ်ချင်တယ်။
မင်းရဲ့
အကြင်နာ အတွေးလေးများလည်း မပေးတော့ပြီ ဆိုရင်
အကြင်နာ အနမ်းလေးများလည်း မရတော့ပြီ ဆိုရင်
အကြင်နာ စကားလေးများလည်း မပြောတော့ပြီ ဆိုရင်
နောင်ဘယ်တော့မှ နောက်ထပ် မတွေ့ရပြီ ဆိုရင်
ငါ့ရဲ့ ချစ်ခြင်းဆိုတဲ့ ရှင်သန်ခြင်းတွေ ထိန်းချုပ်ကန့်သတ်လို့
အားလုံးကို
မေ့ပြစ်ဖို့ ဆိုရင်..,
ငါ့ရဲ့ ထွက်သက်တွေ ရပ်တန့်သွားမှာသာ ဖြစ်နိုင်လိမ့်မယ် ထင်တယ်။
ဒါပေမယ့် ငါဟာ အစွဲလမ်းကြီးစွာ ချစ်တတ်သူမို့
ဝေဒနာတွေ ပေးခဲ့တဲ့
မင်းကို
နောင်ဘဝရှိခဲ့မယ် ဆိုရင်
ဆိုရင်...,
ဆိုရင်..,
ဆိုရင်.,
ဆိုရင် သီချင်းကို ခံစား၍ ချစ်ခဲ့ရတဲ့ ချစ်သူကို အမှတ်တရ
SMNTL (Soe Borros Roxo)
London, Kensington
09:27AM

No response to “ဆိုရင်. . ,”
Post a Comment