ဗြိတိန်နိုင်ငံရဲ့ စစ်တပ်မှာ Lance Corporal အဆင့်ရှိတဲ့ ရာထူးနဲ့ အသက် ၂၆နှစ်အရွယ် Liam Tasker ဟာ စစ်မှု့ထမ်းနေတယ်။ သူဟာ စစ်တပ်ထဲကို ၂၀၀၁ခုနှစ်မှာ ကားပြင်တဲ့သူ (vehicle mechanic) အဖြစ် စတင်ဝင်ရောက် အမှု့ထမ်းခဲ့တယ်။
တိရိစ္ဆာန် တွေကို ချစ်မြတ်နိုး တန်ဖိုးထားတတ်တဲ့သူဖြစ်လို့ ၂၀၀၇ခုနှစ်မှာ တော်ဝင်ဗြိတိန် စစ်တပ်ရဲ့ တိရိစ္ဆာန်စစ်မှု့ထမ်း ဌာန (Royal Army Veterinary Corps) ကိုပြောင်းရွှေ့လုပ်ကိုင်ခွင့်ရခဲ့တယ်။
ဒါပေမယ့် ခွေးတွေနဲ့ သက်ဆိုင်တဲ့ dog unit ကို တကယ့်လက်တွေ့ အနေနဲ့ ဘယ်လိုကိုင်တွယ် လုပ်ဆောင်ရတယ်ဆိုတာကို မသိသေးပေမယ့် ရင်းနှီးတဲ့ သူငယ်ချင်းက ဗီဒီယိုနဲ့ ပြသခဲ့လို့ L/Cpl Liam Tasker က သိခွင့်ရခဲ့တယ်။
ဒီလိုနဲ့ အာဖဂန်နစ်စတန်နိုင်ငံမှာရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ စစ်စခန်း အခြေပြုထားတဲ့ Camp Bastion မှာ လက်နှက်နဲ့ ဖောက်ခွဲရေးပစ္စည်းကို အထူးပြု ရှာဖွေပေးတဲ့ စစ်မှု့ထမ်း ခွေးတွေကို ကိုင်တွယ်ပေးဖို့ တာဝန်နဲ့ ရောက်ရှိလာတယ်။
အဲဒီမှာ ၂၂လ အရွယ်သာ ရှိသေးတဲ့ Springer Spaniel Cross အမျိုးအစားဖြစ်တဲ့ Theo လို့အမည်ရတဲ့ အပြစ်ကင်းစင်လှတဲ့ ခွေးကလေးနဲ့ စတင်တွေ့ရှိ ရင်းနှီးဆုံဆည်းခွင့် ရခဲ့တယ်။ Theo ဟာ ဗြိတိန်နိုင်ငံရဲ့ စစ်တပ်မှာ အနံ့ခံပြီး ဗုံးရှာပေးတဲ့ တာဝန်ကို ထမ်းဆောင်တဲ့ အသက်အားဖြင့် ၂နှစ်တောင် မပြည့်သေးတဲ့ စစ်မှု့ထမ်း ခွေးကလေး ဖြစ်ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံကို ရောက်ပြီးတဲ့အခါ Liam ဟာ တကယ့်လက်တွေ့ကျကျ အနေနဲ့ ခွေးကလေး Theo နဲ့အတူ စစ်မြေပြင်ရဲ့ အလုပ်ခွင်မှာ အလုပ်ဝင်အပြီး လွန်ခဲ့တဲ့ ၁လခန့်က L/Cpl Liam Tasker က သူလုပ်ကိုင်ရတဲ့ အလုပ်ကို လွန်စွာ နှစ်သက်ပြီး Theo ဆိုတဲ့ ခွေးကလေးနဲ့ တွဲဖက်ပြီး စစ်မှု့ထမ်း လုပ်ကိုင်ရတာဟာ အလွန် ပျော်ဖို့ကောင်းကြောင်း၊ ခွေးကလေး Theo ဟာ မိတ်ဆွေ အဖော်ကောင်းပီသ,သလို ပေးအပ်လာတဲ့ အမိန့်ကို တသွေမတိမ်း နာခံတတ်ပြီး သူ့အလုပ် တာဝန်ကို ကျေပွန်ကြောင်း၊ ၂၂လဆိုတဲ့ သက်တမ်းဟာ ခွေးအနေနဲ့ ကလေးအရွယ်သာသာ,သာရှိသေးတဲ့ ခွေးဖြစ်ပေမယ့် အကျင့်စာရိတ္တ၊ စိတ်နေ သဘောထား သိမ်မွေ့ နူးညံ့လွန်းလှပြီး၊ သူ့ရဲ့တာဝန်အတွက်ဆို ဘယ်တော့မှ ပင်ပန်းနွမ်းနယ်ခြင်း မရှိပဲ အလုပ်လုပ်ရမယ်ဆို နှောင့်နှေးခြင်း အလျင်းမရှိ အမြဲ တက်ကြွနေကြောင်း၊ Theo ဟာ ကျမ်းမာရေးလဲ ကောင်းပြီး ခန္ဓာကိုယ် တောင့်တင်း ခိုင်မာကြောင်း၊ ဘာအကြောင်းကြောင်းကြောင့်မှ တာဝန်ဝတ္တရားကို ရပ်ဆိုင်းခြင်း မရှိပဲ အသင့်ရှိနေကြောင်း စတာတွေကို အားရပါးရနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ခွေးကလေးအတွက် ဂုဏ်ယူဝင့်ကြွား ဝမ်းမြောက်စွာ ပြောဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အာဖဂန်နစ်စတန်နိုင်ငံမှာ တာဝန်အတူကြလို့ တွေဆုံကြရပြီး စစ်မှု့အတူထမ်းတာဟာ အချိန်အားဖြင့် ၅လသာ ရှိသေးပေမယ့် တဦးနဲ့တဦး ဆက်ဆံမှု့ဟာ သခင်နဲ့ခွေး ဆိုတာထက် သားအဖလို ခိုင်မာနက်နဲတဲ့ မေတ္တာတွေနဲ့အတူ ကြင်နာကြပြီး အပေးအယူ မျှမျှတတနဲ့ အထက်က ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြပါတယ်။

စစ်မှု့အတူတူထမ်းတဲ့ ၅လအတွင်း မပေါက်ကွဲသေးတဲ့ အိမ်တွင်းလုပ် ဗုံး၁၄လုံးနဲ့ လျို့ဝှက်လုံခြုံစွာ သိမ်းဆည်းထားတဲ့ လက်နှက်တချို့ကို သူတို့နှစ်ဦးဟာ အတူရှာဖွေ တွေ့ရှိခဲ့ကြတယ်။ အချိန်တို ၅လအတွင်းမှာ ဒီလိုအန္တရာယ်ကြီးပြီး မရေတွက်နိုင်တဲ့ လူပေါင်းများစွာကို သေကြေပျက်စီးစေနိုင်တဲ့ ဖောက်ခွဲရေး ဗုံးတွေနဲ့၊ လက်နှက်တွေကို ရှာဖွေ တွေ့ရှိနိုင်ခဲ့ခြင်းဟာ စစ်မှု့ထမ်း အနံ့ခံခွေး Theo နဲ့ ဒီခွေးကို ကိုင်တွယ်ပြီး ဗုံးအတူရှာခဲ့တဲ့ L/Cpl Liam Tasker တို့အတွက် စစ်တပ်အတွင်း မှတ်တမ်းတင်နိုင်စေခဲ့တယ်။
ဒါပေမယ့် ပျော်ရွှင်စွာ စစ်မှု့အတူထမ်းနေတဲ့ သူတို့နှစ်ဦးကို ကံကြမ္မာကအလှည့် မပေးပဲ လွန်စွာဝမ်းနည်းကြေကွဲစေဖို့ အကြောင်းဖန်လာစေတော့တယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ (March 1 2011) က အာဖဂန်နစ်စတန်နိုင်ငံရဲ့ Helmand လို့ခေါ်တဲ့ တာလီဘန်တို့ ကြီးစိုးရာ Nahr-e Saraj district စစ်မြေပြင်မှာ သူတို့နှစ်ဦးဟာ စစ်ရေးအတူတူ ဆောင်ရွက်ရမယ့် အခြေအနေတခု ပေါ်လာတယ်။
L/Cpl Liam Tasker နဲ့ စစ်မှု့ထမ်း ခွေးကလေး Theo ရဲ့တာဝန်က ရှေ့ပြေးအနေနဲ့ ဖောက်ခွဲရေးလုပ် ဗုံးတွေနဲ့ လျို့ဝှက် လက်နှက်တွေကို အနံ့ခံ ရှာဖွေ ပေးခဲ့ရတယ်။ ဒီလို ရှာဖွေနေစဉ်မှာ မထင်မှတ်ပဲ တာလီဘန်တွေနဲ့ ရုတ်တရက် တိုက်ပွဲငယ်တခု ဖြစ်သွားပြီး ပစ်ခတ်ကြရာမှာ L/Cpl Liam Tasker ကို ကျည်ထိမှန်သွားပြီး နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးစေခဲ့တယ်။
ဒီလိုနဲ့ L/Cpl Liam Tasker ရုပ်အလောင်းကို စစ်စခန်း တည်ရှိရာ Camp Bastion ကို ပြန်လည် သယ်ဆောင် လာခဲ့တယ်။ ရုပ်အလောင်းကို ပြန်လည် သယ်ဆောင်လာတဲ့ လမ်းတလျှောက်မှာ Theo ဟာ အကောင်းအတိုင်း ရှိနေခဲ့ပေမယ့် စစ်စခန်းကို ရောက်လျှင်ရောက်ခြင်း အကောင်းကြီး ရှိနေတဲ့ Theo ဟာ ရုတ်တရက် ချက်ခြင်း ဆိုသလို လဲကျ သေဆုံးခဲ့ ပြန်တယ်။ တိရိစ္ဆာန်ဆေးကု ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ Theo ဟာ ရုတ်တရက် ချက်ခြင်းလက်ငင်း ခံစားရတဲ့ seizure ကို ခံစားပြီး နှလုံးရပ် သွားပြီး သေဆုံးတာဖြစ်တယ်လို့ သိရတယ်။
ကျမ်းမာသန်စွမ်းနေတဲ့ Theo ခွေးကလေးဟာ သူ့သခင် Liam သေသွားတာ သိတဲ့အတွက် အသဲကွဲပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ စစ်စခန်းမှာ ရှိကြတဲ့ သူတိုင်း လက်ခံယုံကြည်လိုက်ကြတယ်။
လောကကြီးမှာ တွေ့ဆုံဖို့ ရေစက်ပါကြတဲ့ သူတို့နှစ်ဦးဟာ ဗြိတိန်နိုင်ငံရဲ့ စစ်မှု့ထမ်း စစ်သားတွေရဲ့ အန္တရာယ်ကို ကာကွယ်စေဖို့ အတွက် အာဖဂန်နစ်စတန်နိုင်ငံမှာ ပေါက်ကွဲစေတဲ့ ဖောက်ခွဲရေး ဗုံးတွေနဲ့၊ လက်နှက်တွေကို ရှာဖွေဖို့ စစ်မှု့ထမ်း အနေနဲ့ တာဝန်အတူကျပြီး ဆုံဆည်းခွင့်ရကြတယ်။ ပင်ပန်းတဲ့ အလုပ်ကို အမှု့မထား အချိန်တိုတို အတောအတွင်းမှာ တဦးနဲ့တဦး စည်းလုံးညီညွှတ် ချစ်ခင်စွာဖြင့် အပေးယူ မျှမျှတတနဲ့ အမှု့ထမ်းနိုင်ခဲ့ပြီး နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေခဲ့တယ်။ အတူဆုံဆည်းတာမှာ မကြာသေး၊ သေဆုံးပြန်တော့လဲ တရက်ထဲမှာ အတူတူ သေဆုံးခဲ့ရပြန်တယ်။
ပျော်ရွှင်ပြီး စစ်မှု့အတူထမ်းနေတဲ့၊ အချိန်တိုအတွင်းမှာ သံယောဇဉ် တွယ်နေပြီဖြစ်တဲ့ ဘဝနှစ်ခုဟာ မထင်မှတ်တဲ့ အချိန်မှာ မမျှော်လင့်ထားပဲ ဝမ်းနဲကြေကွဲမှု့နဲ့ အဆုံးသတ်ကါ လမ်းခွဲစေခဲ့တယ်။
L/Cpl Liam Tasker ဟာ အာဖဂန်နစ်စတန် စစ်မြေပြင်မှာ တာလီဘန်တို့ရဲ့ ပစ်ခတ်မှု့နဲ့ သေဆုံးသွားတဲ့အတွက် သူနေထိုင်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Wiltshire မြို့မှာ မိဘနှစ်ပါး၊ ညီတယောက်၊ ညီမနှစ်ယောက်နဲ့ ချစ်သူရည်းစား လီယာ (Leah) တို့ဟာ နက်နဲတဲ့ ဆို့နစ်ကြေကွဲမှု့ များစွာနဲ့ ကျန်ရစ်ခဲ့ရှာပါတယ်။
Liam ရဲ့ မိဘနှစ်ပါးက Liam ဟာ မွေးဖွားလာတဲ့ သူ့ဘဝထက်တောင် ပိုတန်ဖိုးရှိ ကြီးမားသူတယောက်ဖြစ်ပြီး မိသားစု အားလုံးအတွက် စံပြဟီရိုးတယောက် ဖြစ်တယ်။ သူဟာ အမြဲတမ်း ပြုံးရွှင်တဲ့ အပြုံးတွေနဲ့ လူတိုင်းအပေါ် စိတ်စေတနာ ကောင်းရှိတယ်။ Liam ရဲ့ အောင်မြင်မှု့ ရလဒ်တွေအတွက် အမြဲ ဂုဏ်ယူနေမှာ ဖြစ်ပြီး အဖိုးတန် သားကောင်းတယောက် ဆုံးရှုံးရလို့ စကားလုံးတွေနဲ့ ဖော်မပြနိုင်အောင် ကြေကွဲတမ်းတစွာ ထာဝရ သတိရနေမယ်လို့ ဆိုပါတယ်။
ချစ်သူရည်းစား လီယာက Liam အတွက် ဂုဏ်အယူရဆုံးသော ချစ်သူဖြစ်ရပြီး သူမရဲ့ အသဲနှလုံးမှာ Liam အတွက် အစဉ်အမြဲ ရှိနေမှာဖြစ်တယ်။ Liam ဟာ သူမအတွက် အကောင်းဆုံး မိတ်ဆွေသူငယ်ချင်း၊ သူမရဲ့ ထာဝရချစ်သူ၊ သူမရဲ့ soulmate ဖြစ်တယ်။ ငြိမ်းချမ်းစွာ အိပ်စက်လှည့်ပါတော့ ချစ်သူရေ လို့ ဆို့နင့်ကြေကွဲစွာ ပြောတယ်တဲ့လေ။
စစ်စခန်းမှာ တပ်ရင်းမှုးဖြစ်တဲ့ ဒုဗိုလ်မှုးကြီးအဆင့်ရှိတဲ့ Lieutenant Colonel David Thorpe က L/Cpl Liam Tasker ဟာ စစ်မှု့ထမ်းစဉ်ထဲက အာဖဂန်နစ်စတန်နိုင်ငံရဲ့ စစ်စခန်းမှာ တာဝန်ထမ်းဆောင်ချင်ခဲ့တယ်။
ဒီလိုနဲ့ သူ ဒီမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တယ်။ ဒီစစ်စခန်းမှာ တာဝန်ထမ်းဆောင်ခွင့်ရတော့လဲ သက်သာတဲ့နေရာမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပေမယ့် ကြမ်းတမ်းပြီး အန္တရာယ်ကြီးတဲ့ နေရာကိုမှ ရွေးချယ်ပြီး အောင်မြင်အောင် အကောင်းဆုံး ပေးဆပ်ပြီး တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။ ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်ဖြစ်ပြီး၊ ကိုယ့်ကိုကိုယ် ဦးစားမပေးပဲ တခြားသူတွေကို အမြဲ ဦးစားပေးရှေ့တန်းတင်တတ်သူ၊ ပြင်းပြတဲ့ ဆန္ဒတွေနဲ့အတူ ရည်ရွယ်ချက် ကြီးမားတဲ့သူ၊ အမိန့် နာခံတတ်ပြီး တာဝန်ကျေပွန်သူ ဖြစ်တယ်။
သူနဲ့အတူ စစ်မှု့တာဝန်ထမ်းဆောင်တဲ့ အနံ့ခံ ခွေးကလေး Theo နဲ့လည်း အချိန်တိုအတွင်းမှာ ခိုင်မြဲတဲ့ သံယောဇဉ်တွယ်မှု့နဲ့ Theo အပေါ် တကယ်မေတ္တာမှန်နဲ့ ချစ်ခင်ကြင်နာသူလဲဖြစ်တယ်။ စစ်မှု့ထမ်း ခွေးကလေး Theo ကလဲ ဖောက်ခွဲမှု့ပစ္စည်းတွေကို ရှာဖွေရာမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်တဲ့ တာဝန်ကျေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ ၅လအတွင်း သူတို့နှစ်ဦးရဲ့ စစ်မှု့ တာဝန်ထမ်းဆောင်ခဲ့တာဟာ မရေတွက်နိုင်တဲ့ ဘဝများစွာကို အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ စစ်သည်တော် ၂ဦး ဖြစ်တယ်။ သူတို့နှစ်ဦး သေဆုံးသွားတာဟာ ဗြိတိန်နိုင်ငံရဲ့ စစ်တပ်အတွက် အစားထိုးမရနိုင်တဲ့ ကြီးမားသော ဆုံးရှုံးမှု့ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။
သေဆုံးချိန်မှာ L/Cpl Tasker ဟာ အသက် ၂၆နှစ်ရှိပြီး စစ်မှု့ထမ်းသက်တမ်း ၁၀နှစ်ရှိကာ အီရတ်နဲ့ အာဖဂန်နစ်စတန်နိုင်ငံရဲ့ စစ်မြေပြင်မှာ ဗြိတိန်နိုင်ငံစစ်တပ်အတွင်း သေဆုံးသောသူ စစ်မှု့ထမ်း စစ်သား ၃၅၈ယောက်မြောက် တယောက်ဖြစ်ပါတယ်။ Theo ကတော့ အသက် ၂၂လရှိပြီး၊ အီရတ်နဲ့ အာဖဂန်နစ်စတန်နိုင်ငံတွေမှာ ဗြိတိန်နိုင်ငံရဲ့ သေဆုံးသော စစ်မှု့ထမ်း တိရိစ္ဆာန် အနေနဲ့ ခြောက်ယောက်မြောက်သော ခွေးကလေးဖြစ်တယ်လို့ သိရပါတယ်။
ဒီလို စစ်မှု့ထမ်း လုပ်ဖော်ကိုင်ဖက်ခြင်းဖြစ်တဲ့ လူစစ်သည်တော်နဲ့ ခွေးကလေးတို့ဟာ တိုက်တိုက်ဆိုင်ဆိုင် တနေ့ထဲ နာရီပိုင်းပဲ ခြားပြီး သေဆုံးမှု့ဟာ ဗြိတိန်နိုင်ငံရဲ့စစ်တပ်အတွင်းမှာ တခါမှ မရှိသေးဘူးလို့ သိရပါတယ်။ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေက အခုလို စိတ်ခံစားမှု့ ပြင်းပြပြီး ရုတ်တရက် နှလုံးရပ်သွားပြီး လဲကျသေဆုံးမှု့ဟာ ခွေးတွေမှာ ဖြစ်လေ့ရှိတတ်တယ်လို့ ဆိုပါတယ်။

Dailymail သတင်းစာရဲ့ အဆိုအရ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းကို လာမယ့်အပါတ်ထဲမှာ ဗြိတိန်နိုင်ငံကို ပြန်လည် သယ်ဆောင်လာမှာဖြစ်ပြီး L/Cpl Liam Tasker ရဲ့မွေးရပ်မြေ ဇာတိဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Wiltshire မြို့ဆီ ဓလေ့ထုံးစံအတိုင်း ဗြိတိန်နိုင်ငံရဲ့ Union Jack အလံ လွမ်းထားတဲ့ Liam ရဲ့ ရုပ်ကလပ် လှဲလှောင်းနေတဲ့ အခေါင်းကို ကားနဲ့ မြို့အတွင်း သယ်ဆောင်လာရာမှာ Liam ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ မြို့နေလူထုက လမ်းရဲ့ ဘေးမှာ ငြိမ်သက်စွာ စည်တန်းစောင့်ဆိုင်းကာ နိုင်ငံအတွက် အသက်ပေး တာဝန်ထမ်းဆောင်သွားတဲ့ Liam နဲ့ သခင် သေသွားလို့ ရုတ်တရက် နှလုံးရပ် အသဲကွဲ သေဆုံးရရှာတဲ့ ခွေးကလေး Theo တို့ကို အရိုအသေပေးပြီး ဝမ်းနဲကြေကွဲစွာ ခရီးဦး ကြိုကြမယ်လို့ သတင်းထဲ ဖော်ပြထားပါတယ်။
စာရေးသူ အနေနဲ့ လူအခြင်းခြင်း လှည့်ပတ် လိမ်ညာနေကြပြီး အပေါ်ယံမေတ္တာ အတုအယောင်တွေနဲ့ သကာရည် လောင်းနေကြတဲ့ ခေတ်ကာလကြီးမှာ အခုလို နက်ရှိုင်းတဲ့ မေတ္တာစစ်၊ မေတ္တာမှန်တွေ၊ တိရိစ္ဆာန်လေးတွေရဲ့ သခင်အပေါ် ကျေးဇူးတရားကို သိတတ်ပုံတွေ၊ အနှိုင်းမဲ့ မေတ္တာတွေရဲ့ အသွားအပြန် ရှိတတ်တာကို မိမိရဲ့ အသက်ပေးအပ်ပြီး သက်သေပြပုံတွေကို ဖတ်ရ၊ သိရ၊ နားလည်ရတာ ရင်ထဲ အင်မတန် ထိခိုက် ဝမ်းနဲကြေကွဲ ခံစားမိတယ်။
ဒဏ္ဌာရီဆန်တဲ့ အချစ်ဇတ်ကားဖြစ်တဲ့ ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်ခြင်းကို စာအုပ်တွေ၊ ရုပ်ရှင်တွေမှာ ခံစားတွေ့မြင် ကြည့်ရှု့ရလို့ ဝမ်းနဲမိတာထက် အခုလို လူနဲ့ခွေးတို့ရဲ့ စစ်မှန်တဲ့ ပေးဆပ်ခြင်းနဲ့ မေတ္တာတရား အဖြစ်မှန်ကို ဖတ်သိ နားလည်ရလေတော့ ဖော်ပြမတတ်အောင် ဆို့နင်စွာ ဝမ်းနဲခံစားပြီး မျက်ရည်ကျမိတဲ့အထိ ဖြစ်ပါတယ်။
စစ်သည်တော် လူငယ်တယောက်နဲ့ ခွေးကလေးဟာ အမိမြေနဲ့ ဝေးနေပြီး မိသားစုနဲ့ခွဲကါ အချိန်ကာလအားဖြင့် ၅လသာ တွေ့ဆုံခဲ့ကြခါ စစ်မြေပြင်မှာ စစ်မှု့အတူ ထမ်းရွက်ခဲ့ကြတယ် ဆိုပေမယ့် ဖြူစင်ရိုးသားတဲ့ သံယောဇဉ်ယှက်နွယ်လို့ စစ်မှန် နက်ရှိုင်းလှတဲ့ ခိုင်မာသော ချစ်ခြင်းမေတ္တာတွေ ရင်မှာကိုယ်ဆီ ရှိခဲ့ကြလေတယ်။
အဟိတ်တိရိစ္ဆာန် တကောင်ဖြစ်တဲ့ ခွေးကလေး Theo ဟာ တနေ့ထဲမှာ စစ်မှု့တာဝန် အတူထမ်းနေရင်း မထင်မှတ်၊ မမျှော်လင့်ထားပဲ သခင် ကျည်ဆန်ထိမှန် သေဆုံးတာ သိသွားတဲ့အခါ မခံစားနိုင်လို့ ရုတ်တရက် နှလုံးရပ် သေဆုံးသွားတာကို တွေးမိရင်း သခင်နဲ့ ခွေးကလေးရဲ့ တဦးအပေါ်တဦး ထားကြတဲ့ တုနှိုင်းမရတဲ့ မေတ္တာကြီးမားပုံ၊ သခင်အပေါ် သစ္စာရှိလှပြီး လောကကြီးကို သခင် စွန့်ခွာသွားပြီ သိလိုက်ရလို့ ဖော်မပြတတ်အောင် လှိုက်လှဲကြေကွဲစွာ ခံစားရရှာပြီး နှလုံးကြေပြွန်း၊ တစဆီ ကွဲအက်ပီး သခင်သေတဲ့ နေ့မှာပဲ သခင်နဲ့အတူ မရှေးမနှောင်း အချိန်မှာ လိုက်ပြီး ရင်ကွဲနာကျ သေပွဲဝင်ရှာသွားတဲ့ သူ့ရဲ့ ပေးဆပ်တဲ့ သစ္စ္စာတရားတို့ဟာ တွေးကြည့်မိတိုင်း ပြောပြလို့ မရအောင် ဝမ်းနဲတသသနဲ့ ကြေကွဲဖြေမဆယ်နိုင်အောင် ဖြစ်နေစေမိပါတော့တယ်။
နိုင်ငံတော်အတွက် အသက်ပေး တာဝန်ထမ်းဆောင်သွားပြီး ကျဆုံးသွားရတဲ့ စစ်သည်တော် "Lance Corporal. Liam Tasker" နဲ့ တာဝန်ကျေပွန်ခဲ့ပြီး သခင်သေသွားလို့ ရုတ်တရက် နှလုံးရပ် သေဆုံးသွားရရှာတဲ့၊ သစ္စာတရားကြီးမားတဲ့၊ သူ့ရဲ့အနှိုင်းမဲ့ မေတ္တာကို သူ့အသက်နဲ့ထပ်တူ သခင်အပေါ် ပေးအပ်နှင်းဆက် သက်သေပြသွားရှာတဲ့ "ခွေးကလေး Theo" တို့ ကောင်းရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပြီး အတူတကွ ဆုံတွေ့ပျော်ရွှင်နိုင်ကြပါစေလို့ လေးစားစွာ ဦးညွှတ်ဆန္ဒပြုပါတယ်။
စစ်မှန်သော မေတ္တာတရားများ ထွန်းကားနိုင်ကြပါစေ။
Source: Dailymail
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်
Kensington, London
March o4 2011
18:35PM


3 Responses to “"ဗြိတိန်နိုင်ငံရဲ့ စစ်တပ်ထဲက ချစ်သောသခင်အတွက် ပေးဆပ်ခြင်းမေတ္တာ"”
အသိပညာရှိလှပါတယ်ဆိုတဲ့ လူသားတွေမှာသာ မေတ္တာစစ် မေတ္တာမှန်ရှိတာ မဟုတ်ဘူး။ အသိဥာဏ်မရှိဘူးလို့ ယူဆထားကြတဲ့ အဟိတ်တိရစ္ဆာန်တွေမှာလဲ ချစ်ချင်းဖွဲ့ မေတ္တာအစစ်တွေ ရှိတယ်ဆိုတာကို Theo လေးက ပြသွားတာပါ။ လူသားတွေမှာသာ မေတ္တာတုံးချင်တုံးမယ် ကျေးဇူးတရားကို သိတတ်တဲ့ အပြစ်ကင်းစင်တဲ့ တိရစ္ဆာန်လေးတွေကတော့ ဘယ်တော့မှ ကျေးဇူးကန်းမှာ မဟုတ်ဘူး။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မျက်ရည်ကျမိပါတယ် ..
Just catching up with your recent posts and would like to say many congratulations for your starting MBA in this autumn. Meanwhile, keep well!
Post a Comment