
နှိုးစက်က မည်လာတဲ့ အသံနဲ့အတူ စက္ခုနှစ်လုံးဟာ နေ့တနေ့ကို ရင်ဆိုင်ဖြတ်သန်းဖို့ နိုးထလာတယ်။
အိပ်ရာက နိုးနိုးခြင်း အသိဝင်ရောက်လာတော့ အာရုံကို စုစည်းပြီး မျက်နှာကျက်ကို တွေဝေစွာ စိုက်ကြည့်နေမိတယ်။ အတွေးထဲမှာ မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့တာကို သိနေပေမယ့် တစုံတယောက်ဆီကို စိတ်တွေ ယှက်သန်းပြီး ရောက်နေတာ သိနေတယ်။
မနေ့ထဲက ဒီနေ့ကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ ကြိုတင်တွေးတောရင်း မဝံ့မရဲ ဖြစ်နေခဲ့မိတာ အမှန်ပါ။
နေ့တနေ့ ပြီးဆုံးရင် နောက်တနေ့ဖြစ်တဲ့ မနက်ဖြန်ပေါင်းများစွာကို ကြုံဆုံရင်ဆိုင်ခဲ့ဘူးနေပေမယ့် ဒီနေ့လို နေ့မျိုးကို တယောက်ထဲ တွေ့ဆုံရမှာ စိုးထိတ် နေမိတယ်လေ။
ဒါပေမယ့် အချိန်စက်ဝန်းဆိုတာ ရွေ့လျားနေပြီး ရပ်လို့ မရလေတော့ စိုးထိတ်နေမိတဲ့နေ့ကို တကယ်ပဲ ရောက်ရှိနေခဲ့ပြီပေါ့။
ဒီနေ့. . . .
ဟုတ်တယ်...
ဒီနေ့ဟာ St. Patrick's Day နေ့ ... တနည်းအားဖြင့် St. Paddy's Day လို့ခေါ်တဲ့နေ့။
အိုင်းရစ်လူမျိုးတွေရဲ့ ခရစ်ယာန် ကက်တလစ်အနွယ်ဝင်တွေအတွက် ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့နေ့ပေါ့။
ကိုယ့်အတွက် ဘာသာရေးဆိုတာနဲ့ ပါတ်သတ်ဆက်နွယ်မှု့ မရှိပေမယ့် Paddy ဆိုတဲ့ အမည်နာမဟာ အသဲဆိုင်ရဲ့ တနေရာမှာ သံမှိုဆွဲခဲ့လေတော့ ထူးထူးခြားခြား တိုက်ဆိုင်စွာ နာမည်တူနေတဲ့ နေ့ဆိုတော့ ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့နေ့လို့ ဆိုရင် ပိုမည်မထင်ပါ။
ဒီထက် ပိုခံစားစေတာက ဒီနေ့မှာ ကိုယ်က တယောက်ထဲ။ ဒီလိုနေ့မျိုးကို ရင်ဆိုင်ရမှာ ကိုယ်တဦးထဲ။
အားအင်မရှိပေမယ့် နေ့တနေ့ကို ဖြတ်သန်းဖို့ ပြင်ဆင်ရတော့တယ်။
ဒီနေ့ ရုံးသွားဖို့ ပြင်တော့ လွန်ခဲ့တဲ့ ၂နှစ်က St. Patrick's Day မှာ သူ, အမှတ်တရ ပေးခဲ့တဲ့ Chanel Coco Mademoiselle ရေမွှေးကို မေးရိုးတလျှောက်နဲ့၊ လည်တိုင်ရယ်၊ နားရဲ့အနောက်ရယ်၊ ရင်သားနေရာရယ်မှာ ဆွတ်ဖြန်းဝတ်ဆင် ဖြစ်လိုက်တယ်။
သူပေးတဲ့ ရေမွှေးဆွတ်တော့ စိတ်ထဲမှာ သူအနားရှိလိုက်သလို ခံစားလိုက်ရတယ်လို့ မရှက်မကြောက်ဝန်ခံပါတယ်။ သူကလဲ အဲလို ခံစားစေရအောင် ဒီရေမွှေးပေးခဲ့တာပဲလေ။
၂နှစ်ဆိုတဲ့ ကာလဟာ အချိန်အားဖြင့် မကြာသေးပေမယ့် ဒီရေမွှေးလေးကို မကုန်သွားအောင် အမြဲတစေ မသုံးဖြစ်ပေမယ့် အမြတ်တနိုးနဲ့ သင့်တင့်တဲ့ အခါတိုင်းတော့ သုံးဖြစ်နေပါတယ်။ အထူးသဖြင့် တမ်းတစိတ်ကို ဖြေဖျောက်တဲ့အနေနဲ့ သူ့ကို သတိအရမ်းရတဲ့ အခါမျိုးတွေ ဆိုပါတော့။
ဒီလို St. Patrick's Day နေ့ဖြစ်တဲ့ လန်ဒန်မြို့မှာ ရာသီဥတုက မှုာန်မှိုင်းနေလို့ အလွမ်းဓါတ်ခံ ရှိသူတွေအဖို့ ပိုများလွမ်းနေစေမလားလို့ ထင်မိတယ်။
ဒီလိုနဲ့ ရုံးကို ကားမောင်းလာတဲ့ တောက်လျှောက် သူကြိုက်တဲ့ King of Leon ရဲ့ Use somebody သီချင်းကို ထပ်ခါတလဲလဲ နားဆင်နေမိတယ်။
ရုံးရောက်တော့ ဝန်ထမ်းကားရပ်နားရာ နေရာမှာ ကားသေချာရပ်ပြီး ရုံးအဆောက်အဦးဆီ ဦးတည်လာခဲ့တယ်။
ရုံးထဲဝင်တော့ ဧည့်ကြိုကောင်တာက ဝန်ထမ်းကောင်မလေးက "ကောင်းသောနံနက်ခင်းပါ" လို့ ချိုသာစွာ နှုတ်ခွန်းဆက်တာကို တုံ့ပြန်ရင်း ကိုယ့်အတွက် တနေ့တာ ရုံးကိစ္စနဲ့ သက်ဆိုင်တဲ့ ဘာစာများလာသလဲ မေးပြီး စာတွေ ယူချိန်မှာ ဘယ်လိုမှ မမျှော်လင့်ထားပဲ ဧည့်ကြိုကောင်မလေးက ကိုယ့်အတွက် special delivery ရောက်နေတယ်ဆိုပြီး သူသိမ်းထားတဲ့ အခန်းထဲက ပန်းစည်းတစည်း ထုတ်လာပေးတယ်။
နယူးယောက်မြို့မှာ လုပ်ငန်းအစည်းအဝေးသွားတက်နေတဲ့ ၃ရက်ကြာခွဲနေရတဲ့ ချစ်သူဆီကထင်လို့ အပျော်နဲ့ လှမ်းယူလိုက်ချိန်မှာ အမြဲအမှတ်ရနေစေမယ့် လက်ရေးကို ပန်းစည်းအပေါ်မှာရှိတဲ့ စာရွက်တိုပေါ်မှာ လှမ်းတွေ့လိုက်ချိန်မှာတော့ ရင်တထိတ်ထိတ်နဲ့ ခေါင်းထဲ ချာချာလည်အောင် မူးဝေသွားမိတယ်။
ပင့်သက်ကိုရှုရှိုက်ရင်း မဟုတ်ပါစေနဲ့လို့ လျှပ်တပြက်ဆုတောင်းရင်း မယုံကြည်နိုင်သော်လည်း ပန်းစည်းက ကိုယ့်လက်ထဲ ရောက်နေခဲ့ပြီ။
ဟုတ်ပါတယ်.....
သူ့ဆီကပါ..........
ကိုယ့်အတွက် သူ, St. Patrick's Day အထိမ်းအမှတ် ပန်းစည်း ပို့လိုက်တာပါ။
မယုံနိုင်ဘူး......
ဟင့်အင်း..... လုံးဝ မယုံကြည်နိုင်ဘူး။
ထင်မှတ်မမှားချင်လို့ အိမ်မက်များလား ထင်နေပေမယ့် သူ့လက်ရေးနဲ့ ကဒ်ရယ်၊ ပန်းစည်းရယ်၊ ပန်းစည်းအပေါ်မှာရှိတဲ့ စာရွက်လေးပေါ်က သူ့နှုတ်ခွန်းဆက် စာတိုလေးက လက်ဝယ် ရောက်ရှိနေပြီလေ။
ရင်ခုန်သံတွေ မြန်ဆန်မှု့နဲ့အတူ "အို., မေ့ထားပါပြီဆိုမှပဲကွယ်" လို့ တိတ်တဆိတ် ညည်းညူလိုက်မိတယ်။
ပန်းစည်းကိုင်ထားတဲ့ လက်တွေဟာ တုန်ရင်နေရင်း မျက်လုံးအိမ်မှာ မျက်ရည်ကြည်တွေ ဝေ့လာတယ်။
ငါမငိုဘူး.......
ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ငါမငိုစေရဘူးလို့.....
အားတင်းရင်း စိတ်ကူးအတွေးတွေက ဓါတ်ပုံရိုက်နေသလို တဖျထ်ဖျတ် လင်းလက်လာစေတယ်။
ဟိုးအရင်က ဒီလိုနေ့ကို သူဆိုတဲ့ Paddy နဲ့အတူ ပျော်ရွှင်စွာ၊ ရင်ခုန်ကြည်နူးစွာ ဖြတ်သန်းခဲ့တာဟာ အတိတ်မှာ အရိပ်လို တဖြေးဖြေး ကျန်နေခဲ့ပေမယ့် နှစ်တနှစ်ရဲ့ အခုလိုအချိန် ရောက်ရှိလေတိုင်း ဒီနှစ်မှာလဲ ပြန်လည်ရင်ဆိုင်ရလေတော့ ကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်ကားတကားကို ပြန်ကြည့်ရသလို ပုံရိပ်တွေဟာ ဝေဝေဝါးဝါး ထင်နေရာက မှန်ချပ်တချပ်မှာ အငွေ့တက်လို့ မှုာန်မှိုင်းနေတာကို အဝတ်စတခုနဲ့ သေချာ ဖိသုတ်လိုက်လို့ ကြည်လင်သွားသလို ကိုယ့်စိတ်အစဉ်မှာလဲ တငွေ့ငွေ့နဲ့ ကြည်လင်ပြတ်သားစွာ ထင်ဟပ်လာစေတယ်။
တကယ်တော့ ဒီလို St. Paddy's Day ကို သူနဲ့ တနှစ်ထဲသာ ရင်ဆိုင်ခဲ့ဖူးခဲ့တာပါ။
ဒါပေမယ့်ပေါ့လေ. . . . .
အဲဒီ တနှစ်ထဲ ရင်ဆိုင်ခဲ့ဖူးတဲ့ St. Paddy's Day ဟာ ကိုယ့်ကို သေရာပါ အမာရွှတ်တခု နှလုံးသားရဲ့ နေရာနက်နက်မှာ ထင်ကျန်သလို ရှိနေမှာ၊ နွေဦးမှာ ပွင့်တတ်တဲ့ ဝါတာတာ Daffodils ပန်းပွင့်လေးတွေလို သူ့အချိန်ကျရင် အမြဲတမ်း ပြန်ပေါ်လာတတ်သလို ရင်တွင်း တနေရာမှာ ရှိနေတတ်တာ ကိုယ်တကယ်ပဲ သတိမပြုခဲ့မိပါဘူး။
ဘယ်လိုပဲ အတိတ်တွေဟာ မှုန်ရီဝေဝါးစ ပြုနေပေမယ့်လည်း ကြုံခဲ့ရတဲ့ အဖြစ်တွေဟာ အပေါ်ရံရှပ်ထိခဲ့တာမျိုး မဟုတ်ပဲ နှစ်ဦးအတူ နက်နဲထိရောက်စွာ ခံစားခဲ့ကြတယ် ပြောမယ်ဆို ရနိုင်လို့ လွယ်ကူစွာ မေ့မရသေးဘူးလို့ဆို ပျော့ညံ့တယ်လို့များ ထင်နေမလားကွယ်။
ပြောရမယ်ဆိုရင် တခါတလေမှာ တိုက်ဆိုင်မှု့ဆိုတာ ရှိလာရင် သတိရတတ်ကြတယ်ဆိုတဲ့ အလေ့အကျင့်ကို မုန်းချင်ပေမယ့်လဲ အမှတ်တမဲ့ပေမယ့် အတွေးထဲ ချည်းနည်း ဝင်ရောက်လာတတ်ကြတာပဲလေ။
ဒီတော့ ဆောင်းလေတိုက်သလို သွဲ့သွဲ့လေး အတွေးထဲကို တိုက်ခတ်လာတဲ့အခါ ဖြစ်ကြောင်းကုန်စဉ် မဟုတ်တောင် တချို့သောအရာတွေကို မှတ်မိနေသေးတယ်လို့ ဆိုချင်ပါတယ်။
St. Paddy's Day ရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညတညမှာ ရင်ခုန်သံခြင်းနှစ်ခု ထစ်ချုန်းစွာ မြည်ဟည်းခဲ့တာ ပြန်တွေးကြည့်မိလေတိုင်း နှလုံးသားမှာ သိမ့်သိမ့်တုန်နေစေမိတယ်ဆို လွန်တယ်လို့များ ဆိုလေမလား။
အဲဒီညဟာ မှောင်လွန်းနေခဲ့သလို အင်္ဂလန်နိုင်ငံရဲ့ ဆောင်းအကုန် စိမ့်နေအောင် ချမ်းတုန်နေခဲ့ပေမယ့် သူ့ကြောင့် ရင်မှာ အလင်းတန်းတခု ထွန်းညှိုလို့ ခန္ဓာကိုယ် တခုလုံးဟာ မီးလင်းဖိုနားမှာ ရှိနေခဲ့သလို သူ့ရင်ခွင်ကျယ်ထဲမှာ နွေးထွေးနေခဲ့မိတယ်။
ကိုယ့်ရဲ့အပေါ်ကို အုပ်မိုးပြီး သူ့ရဲ့ စိမ်းဖန့်ဖန့်အရောင် စူးရှတဲ့ မျက်ဝန်းတွေရဲ့ အကြည့်တွေက ရင်မှာ စူးနစ် ဝင်နေမိတာ တသက်စာလို့ ဆိုလိုက်ရင် အပိုတွေ ပြောတတ်ရန်ကောလို့ သူ,ထင်များနေမလား။
အဲဒီညက သူ ကြင်နာယုယစွာ ထွေးဖက်ခဲ့တာဟာ အနွေးထွေးဆုံး ကတ္တီဘာစောင်တချပ် လွမ်းခြုံထားသလို ခံစားခဲ့ရတယ်ဆိုရင် သူ,အမြဲရီတတ်တဲ့ ခပ်သဲ့သဲ့ အသံနဲ့ ရယ်သွန်းနေမလား။
သူ့ရဲ့ သိမ်မွေ့နူးညံ့တဲ့ အနမ်းတွေဟာ ပြန်တွေးလိုက်တိုင်း နှလုံးသားမှာ ညင်သာလွလွ စီးဆင်းနေဆဲပါ ဆိုရင်ကော သူ အံ့အားသင့်နေမလား။
သူနဲ့ ပုံရိပ်ဟောင်းတွေကို မေ့မရလို့ ဖြတ်ချင်ရက်နဲ့ မက်မောစွာ ဆက်ရှိုက် နေမိနေသေးတယ်ဆိုတာ သူများ သိသွားရင် သူကြိုက်တတ်တဲ့ Gladiator ရုပ်ရှင်ထဲက စစ်သူကြီး Maximus လို အောင်နိုင်သူကြီး ဖြစ်သွားလို့ ဝံ့ကြွားနေမှာလား။
ဒါကြောင့် အခုလို St. Paddy's Day နေ့မျိုးမှာ အတွေးပေါင်းများစွာနဲ့ သွက်သွက်ချာအောင် တမ်းတမှန်းဆနေမိတယ်။
အဲဒီလို တမ်းတမှန်းဆနေမိအောင် ဒါမှမဟုတ် ဒီလိုနေ့မှာ သူကို သတိရနေမှာ သိလို့ ပန်းစည်းပို့ပြီး သတိပေးသလို သူ လုပ်ရက်လေသလား။ အဲလိုမှမဟုတ် ပန်းပေးတာဟာ အရှုံးပေးတယ်လို့ အဓိပ္ပါယ်လဲ ကောက်လို့ရလို့ ကိုယ့်အပေါ် အနိုင်မယူပါဘူးဆိုတဲ့ သင်္ကေတများလေလား ဝေခွဲပိုင်းခြား မရပါဘူး။
ဘဝမှာ ကြုံတွေ့ရတာတွေက လွမ်းတယ်ဆိုတာဟာ ဘယ်ဟာကိုမဆို ဖြစ်နေနိုင်တာပဲလေ။
သူနဲ့ ပါတ်သတ်လာရင်တော့ လွမ်းမိတယ် ဆိုတာထက် တမ်းတမိတယ်လို့ ဆိုရင် ပိုမှန်ကန်ပါလိမ့်မယ်။
တခါတရံမှာ အရာတွေ၊ အချိန်တွေဟာ လွမ်းမိတာထက် ပိုခံစား သက်ရောက်တန်ပြန်မှု့ ရှိနေစေလို့ တမ်းတတယ်ဆိုတဲ့ ခံစားမှု့ဟာ ဖြစ်ပေါ်လာတယ်လို့ ဆိုရမယ် မဟုတ်ပါလား။
St. Patrick's Day ဟာ အစိမ်းရောင်ကို ပြယုဂ်ထားတာဖြစ်သလို သူဟာလဲ အစိမ်းရောင်ကို နှစ်သက်တတ်သူ ဖြစ်နေတယ်။ အစိမ်းရောင် မကြိုက်တတ်တဲ့ ကိုယ်ဟာ သူကြောင့် အစိမ်းရောင်ကို ရွေးချယ်တတ်ခဲ့လာတယ်။ ဒီအစိမ်းရောင်ဆိုတာကပဲ ကိုယ်တို့နှစ်ဦ်းရဲ့ အနာဂတ်အတွက် စိမ်းကားမှု့ဖြစ်စေမယ့် အတိတ်နိမိတ်လေလား အယူသည်းစွာ တွေးမိပြန်တယ်။
သူ ဥပမာပေးခဲ့တဲ့ စကားစုတခုဟာ နားစည်မှာ ပဲ့တင်ထပ် သတိရနေမိသေးတယ်။ ဘာတဲ့. . . . .
"အချစ်ဆိုတာ အပင်တခုလိုပဲ လိမ္မာပါးနပ်စွာနဲ့ အမြဲ ရေလောင်းပေါင်းသင် ပြုစုနေတတ်ဖို့ လိုတယ်။ အဲလိုမှ မဟုတ်ရင် မလုပ်တတ်ခဲ့ဘူး ဆိုရင် ဘယ်လောက်ပဲ မှန်ကန်နက်နဲစွာ ချစ်တတ် ချစ်ခဲ့ပါစေ အဲဒီအချစ်ဟာ မမျော်လင့်ထားပဲ အကြောင်းအမျိုးမျိုးကြောင့် အချိန်တခုမှာ သေသွားတတ်တယ်" ဆိုပဲ။
သူရှိနေချိန်မှာ ကိုယ် တန်ဖိုးထား အပင်မစိုက်တတ်ခဲ့ဘူး။ မထင်မှတ် မမျှော်လင့်ထားပဲ ဝေးသွားတဲ့အခါ ကိုယ်ကောင်းကောင်းကြီး ချစ်နေတတ်ခဲ့ပြီဆိုတာ သိလာရတယ်။
အပင်တပင်ကို ဘယ်လိုပြုစုစောင့်ရှောက် ဂရုစိုက်တတ်ဖို့၊ ချစ်တတ်လာဖို့ သူ သင်ပေးခဲ့တာကိုး။
သိလိုက်ရတဲ့အချိန်ဟာ နှောင်းသွားခဲ့ပြီလေ။
နောင်တမရတတ်သူဟာ ဒီတခါမှာတော့ ယူကျုံးမရလောက်အောင် အလဲအကွဲ ပြိုလဲခဲ့ရတယ်။
ပြိုင်ပွဲတခု မဟုတ်ခဲ့သော်လည်း အရှုံးနဲ့ ရင်ဆိုင်လိုက်ရသလိုပါပဲ။
အခြေခံအားဖြင့် ရှုံးရတာကို မနှစ်သက်သလို၊ ရှုံးအောင်လဲ မနေခဲ့ပေမယ့် သူနဲ့ ကြုံခဲ့ရတဲ့ ဆုံးရှုံးမှု့ကို နှလုံးသားမှာ နာကျင်လျှက် ရှိနေသော်လည်းပဲ နှစ်ခြိုက်စွာ ခံယူနေမိပါတယ်။ ပိုချစ်တတ်သူဟာ ပိုရှုံးနိမ့် ပိုခံစားရမြဲပဲလေ။
ကျန်ရစ်ခဲ့ရသူမို့ ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ဆွေးမြေ့ရသော်လည်း မည်သည့်အခါမှ မေ့လျော့၍ မရနိုင်ခဲ့ပါဘူး။
ရင်နင့်စွါ ခံစားတတ်သူမို့ စိတ်စေတသိတ်မှာဖြင့် တမ်းတမ်းတတ ဖြစ်နေစဲပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဘဝခြင်းတွေ ကွာခြားလို့ အခုချိန်မှာ ရင်ခွင်သစ်မှာ မွေ့ပျော်နိုင်နေပြီဖြစ်သော်လည်း တခါတရံမှာ သူ့ကို တမ်းတမှန်းမျှော်တတ်တာ အဓ္ဓိပ္ပါယ်မရှိဘူးလို့ အပြစ်တင်လာခဲ့ရင် ဒါတွေဟာ သူ့အတွက် ကိုယ့်ရဲ့ စစ်မှန်အေးမြတဲ့ ထွက်ပေါက်တခုလို့ ဆင်ခြင်ပေးပါရစေလား။
နားလည်ပေးတဲ့ ရင်ခွင်သစ်အပေါ် အခွင့်အရေး ယူရာများကျနေမလား။ ခေါင်းမာတတ်သူမို့ တွေဝေစွာ အဟောင်းတွေကို အသစ်ဖြစ်နေစေမလား ရီဝေဝေနဲ့ မခွဲခြားတတ်တော့ပါဘူးလေ။
စိတ်ဓာတ်တွေရင့်ကျက်ဖို့ ရင်မခုန်တတ် မလွမ်းတတ်တော့ပဲ ခံစားချက်တို့ကို ပျက်ပြယ်စေပြီး အနည်ကျလေအောင် ကြိုးစားနေပေမယ့် ဘဝမှာ သူ့ကြောင့် အချစ်အလွမ်းတွေ တပွေ့တပိုက်နဲ့ ဖမ်းစားညှို့ငင်တတ်ခဲ့ပြီ။
ချစ်စိတ်တွေ ဘယ်လိုပင်ဝေခဲ့ပါစေ...... တကယ်တော့ သူဟာ ကိုယ့်အတွက်
မေ့ထိုက်ရာလို့လည်း မဆိုလိုချင်ဘူး…….
မေ့လိုက်ပါလို့လည်း..... ကိုယ့်ကိုကိုယ် မတိုက်တွန်းချင်ဘူး…….
မေ့မရတော့ အတိတ်ကို ပြန်ပြောင်း သတိရလို့.....
လွမ်းစိတ်ရာထောင် ဝေဖူးပေမယ့်
နာကျင်မှု့ဆိုတာ ဖြစ်စေတယ်…….
သူ, မကြင်လေတော့.....
ညင်သာစွာ တမ်းတညည်းညူတတ်လာသလို.......
ကြည့်လေရာရာမှာ ဝေဒနာတွေနှင့် ဝိုးဝါးထင်မိပြီး အရွဲ့တိုက်တတ်လာတယ်။
အချိန်ခါတွေ ပြောင်းလဲပေမယ့်လည်း.........
ရင်မှာ မဟောင်းသွားတဲ့အပြင်.......
ရင်တွင်းက ဒဏ်ရာဟာ ကျက်မသွားပဲ နှောင်မျှင်တွယ်ရစ်ဆဲမို့် မဖြေသာစေခဲ့ပါဘူး။
ဒါတွေ. . . . . . . .
သူ့ကို သိစေချင်မိတယ်။
အကယ်၍. . . . .
သူသာ သိနိုင်ခဲ့မယ် ဆိုရင်. . . . . . .
ချစ်သူတိုင်း ဆုံဆည်းနိုင်ကြပါစေ။
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင် (Soe Borros Roxo)
Kensington, London, 23:27PM
( March 17 2011, St. Patrick's Day )


3 Responses to “မမေ့နိုင်တဲ့ နေ့တနေ့ ( St. Patrick's Day )”
ဖတ်ပြီး ဘယ်လိုအကြံပေး ၊ဘာပြောရမှန်း မသိလို့ ဘာမှမပြောသွားတော့ဘူးနော်။
အဲဒါကြောင့် ပြောပါတယ် နန္ဒာ စာရေးကောင်းပါတယ်လို့။ ခွန်တောင် ဘာကိုလွမ်းမှန်းမသိ လွမ်းသွားတယ်:(
အလွမ်းတွေကနေ ကင်းဝေးကြပါစေ...
ခွန်
http://khunthadar.blogspot.com/
Vista
စာလာဖတ်သွားတယ် ဆိုရင်ပဲ ခံစားချက်ကို မျှဝေသလိုဖြစ်လို့ ကျေးဇူးတင်ပါတယ်။ နန္ဒာလဲ Vis ရဲ့ မြန်မာပြည်ပြန် ပိုစ့်တွေ လာဖတ်ပြီး သရေကျနေရတာ။ :))
ခွန်
အလွမ်းဓါတ်ခံရှိလို့ ပိုလွမ်းတတ်တာနေမှာနော်။ နောက်မှ တိတ်တတ်လေး မေးကြည့်မယ် ဘယ်သူ့ကိုလဲ ဆိုတာ။ =)
Post a Comment