Sunday, 5 June 2011

" အပျိုကြီးလို့တော့ မခေါ်စေချင် "


"အပျိုကြီး" တဲ့......... ..... .........။

ဒီအခေါ်အဝေါ်ကို ဘယ့်သူ့ ဘယ်သူက စလိုက်သလဲ မသိပါဘူးရှင်။

မြန်မာလူမှု့အသိုင်းအဝန်းမှာ ကျမတို့ မိန်းမသားတွေ အသက်လေး နှစ်ဆယ်ကျော် အစိတ်ပိုင်းလာလို့ တဆိတ်ဟိုင်းလာတယ်လို့ မြင်ကြ၊ ထင်ကြသူတွေက ရွဲ့သလိုလို ခနဲ့သလိုလို ရင်းနှီးစွာ စကြနောက်ကြ လှောင်ပြောင် အခေါ်ခံရတဲ့ အခေါ်အဝေါ်တခုပေါ့။

အခြင်းခြင်း ပိုပြီး ပြောမနာ ဆိုမနာ ရင်းနှီးသူတွေကဆို အပျိုသိုးကြီးရယ်လို့ တမျိုး၊ ရပင်း "ပျို" ကို ရရစ်နဲ့ "ပြို" လို့ "အပြိုကြီး" လို့ ခေါ်သလို၊ ဒီ့ထက်ပိုဆိုးစေတာက "အာပြိုကြီး" တဲ့လေ။

မြန်မာစကားလုံး အသုံးအနှုာန်းမှာ "သိုး" တယ်ဆိုတာဟာ မကောင်းတော့တာ၊ ပစ်ပယ်ရတော့မှာ၊ နောက်ပြီး ရပင်း "ပျို" ဆိုတာဟာ ပျိုမြစ်နုနယ်တဲ့နေရာမှာ သုံးနှုာန်းတာဖြစ်ပြီး၊ ရရစ်နဲ့ "ပြို' တာကတော့ ပြိုလဲတော့မယ့် နေရာမှာ သုံးနှုာန်းတာမျိုးဆိုတာကို မြန်မာလို အသုံးလုံး မကျေညက်ခဲ့တဲ့ ကျမ အဓိပ္ပါယ် ကောင်းကောင်းတော့ ဖွင့်ဆိုတတ်ပါသေးတယ်ရှင်။

ကျမတို့ မြန်မာမိန်းမသားတွေ တကယ်ပဲ အသက် ၂၅နှစ်ရဲ့နောက်ပိုင်းမှာ အိမ်ထောင်မပြုသေးရင် ဘဝမှာ မပြည့်စုံတော့သလိုလို၊ အဓိပ္ပါယ်ပဲ မရှိတော့သလိုလို၊ ကိုယ့်ကို ယူမယ့် ယောကျာင်္းပဲ မရှိတော့သလိုလို ထင်ကြ၊ မြင်ကြလို့ စသလို နောက်သလိုနဲ့ အပျိုကြီးလို့ ခေါ်ကြလေရဲ့ပေါ့။

ကျမတော့ အဲလိုခေါ်တာ အပျော်အပျက် စကြ၊ နောက်ကြလို့ ခေါ်တာထက် တမင်သက်သက် လှောင်ပြောင်ချင်လို့ ခေါ်တာလို့ မြင်တယ်။

ချစ်သူရည်းစား ရှိနေပြန်ရင်လဲ "မြန်မြန်ယူတော့လေ၊ ကြာကြာတွဲနေတာ ကောင်းတာမဟုတ်ဘူး" ဆိုပြီး စေတနာမှန် စကားဆိုတဲ့သူ ရှိသလို၊ အဆင်းဘီးတတ်ပေးပြီး အရောက်ပို့သူလဲ ရှိတာ မြင်ဘူးပါတယ်။

"သမီးကညာ၊ အခါမလင့်စေနဲု့" ဆိုတဲ့ အယူအဆဟာ ကျမတို့ အဖွားတို့ လက်ထက်လောက်မှာပဲ ကျန့်ခဲ့ပြီ၊ ရှိခဲ့တော့မယ်လို့ မြင်မိပါတယ်။

နှစ်ဆယ့်တစ်ရာစု နောက်ပိုင်းမှာ အိမ်ထောင်ပြုတယ်ဆိုတာဟာ အသက်အပိုင်းအခြားနဲ့ ဆိုင်တယ်လို့ မမြင်မိပါဘူး။ မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ရှိကြတဲ့ မိန်းမသားတွေ အားလုံးဟာ အသက် ၂၅နှစ် နောက်ပိုင်းမှာ အရင်က ဆယ်ကျော်သက် အရွယ်လောက်တော့ ပျိုမြစ်နုနယ်နေမှာ မဟုတ်ပေမယ့် ရင့်ကျက် တည်ငြိမ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ကျမ အနေနဲ့တော့ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာတွေရယ်၊ ဘဝပေးအသိတွေကြောင့် သိမြင်လာရတဲ့ အတွေ့အကြုံတွေရယ် ပေါင်းစပ်ပြီး အခုလို ရင့်ကျက်တည်ငြိမ်လာတာမျိုးကို ပိုနှစ်သက်၊ ဂုဏ်ယူစွာ လက်ခံပါတယ်။ ဘဝမှာ ရှေ့လျှောက်လဲ ကျမ လေ့လာသင်ယူရမယ့် မသိသေးတဲ့ အရာတွေ အများကြီး ကျန်နေပါသေးတယ်။ ငှက်တွေဟာ ပျံသန်းရင်း သေဆုံးသွားကြသလို၊ လူသားတွေ အားလုံးဟာလဲ လေ့လာသင်ယူရင်း သေဆုံးကြရတာပါပဲလို့ ဆိုတယ် မဟုတ်ပါလားရှင်။

ကျမတို့ မိန်းမသားတွေ အားလုံးဟာ ငယ်ရွယ်စဉ်အခါက မိုက်ရူးရဲခဲ့၊ စိတ်ကူးတွေ အထပ်ထပ်ယဉ်ခဲ့ပေမယ့် အသက်ရလာပြီးတဲ့ နောက်ပိုင်းမှာ အရင်ကထက် ပိုပြီး တွေးခေါ်၊ စဉ်းစား၊ မြော်မြင်လာတတ်ကြပါတယ်။ ဘဝကို လက်တွေ့ကျကျပဲ မြင်ပြီး လက်ခံ ကျင့်သုံးကြတယ် ဆိုရမှာပေါ့။

ဒီလိုနဲ့ပဲ အိမ်ထောင်ပြု၊ မပြုဆိုတာဟာ ဘဝရဲ့ မရှိမဖြစ်၊ မလုပ်မဖြစ်လို့ မမြင်တော့ဘူးလို့ ကျမတော့ ယူဆတယ်။ ဒီတော့ အသက်သာ တဖြည်းဖြည်းရလာတယ်၊ အိမ်ထောင်မကျပဲ တဦးတည်း ဖြစ်နေတယ်ပေါ့။ တချို့ဆိုလဲ လုံးဝ အိမ်ထောင်မပြုပဲ တကိုယ်တည်း နေလိုက်တာမျိုးတွေ ရှိပါတယ်။

ကျမအနေနဲ့ ယောင်္ကျားဖြစ်ပါစေ၊ မိန်းမဖြစ်ပါစေ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်မပြုပဲ တကိုယ်တည်း နေ,နေကြတဲ့သူတွေ၊ ဖြစ်နေကြတဲ့ သူတွေကို လူပြိုကြီး၊ အပျိုကြီးရယ်လို့တော့ လှောင်ပြောင် မခေါ်ရက်ဘူးရှင်။

တကယ်ပါ..........။ အဲလို အခေါ်ခံလာရရင် ရင်ထဲ အောင့်သက်သက်နဲ့ ခံရတော့ခက်သား.....။

ကျမနဲ့ ရင်းနှီးခင်မင်သူတွေတင် မဟုတ်ဘူး၊ အခုဆို မိသားစု အသိုင်းအဝန်းကပါ ကျမကို ခေါ်ရင် အပျိုကြီးတဲ့။

ကျမမှာ မြန်မာပြည်မှာ ကာစင်မောင်ငယ် ၃ယောက် ရှိပါတယ်။ သူတို့တွေ အားလုံး ILBC မှာ ပညာသင်နေကြသူလေးတွေပါ။ ၂ယောက်က GCSE O level ဖြေမှာ ဆိုတော့ အင်္ဂလန်ကနေ လိုအပ်တာလေးတွေ ကျမက ပို့ပေး၊ ဖုန်းနဲ့ မကြာခဏ စကားပြောပေါ့။ အဖွားနဲ့ သူတို့ဆီ ဖုန်းဆက်ပြီ ဆိုရင် မောင်လေးတွေက ဖုန်းလာကိုင်ကြတယ်။ ကျမကို "မမဒါ" လို့ သူတို့က ငယ်ငယ်လေးထဲက ခေါ်ကြတယ်။ လူကြီးတွေ အားလုံးကတော့ "ဒါလေး" လို့ ခေါ်သလို့၊ "မိဒါ" လို့လဲ ခေါ်တယ်။

မောင်တွေနဲ့ ဖုန်းစကားပြောပြီး လူကြီးတွေကို ခေါ်ခိုင်းရင် "အပျိုကြီး မမဒါ" ဆီက ဖုန်းလာတယ်ဆိုပြီး ပြောကြတယ်။ သူတို့တွေ တိုက်ရိုက်တော့ ကျမကို မခေါ်ရဲဘူး။ အဖွားကလဲ ကျမ လက်ရှိ Relationship ရှိနေတာ သိထားလေတော့ အခုနောက်ပိုင်း ဖုန်းပြောရင် အိမ်ထောင် ဘယ်တော့ပြုမလဲပဲ မေးတယ်။ သူမသေခင် မြစ်,မြင်ချင်သွားတယ်လို့လဲ ပြောရဲ့....။

ဒီလိုမျိုးတွေကို ဒီနှစ်ထဲ ရောက်လာမှ သူတို့တွေ ကျမကို မေးကြ... ခေါ်ကြတာပေါ့.......။

ခက်တယ်ရှင်...............။

ဒါနဲ့ပဲ ကျမလဲ လင်ယူသားမွေး ကိစ္စကလွဲလို့ တခြား ပြောစရာ မရှိတော့ဘူးလား။ ကိုယ့်ကိုယူမယ့် ယောင်္ကျား မရှိသေးလို့ အိမ်ထောင် မပြုသေးတာ မဟုတ်ဘူး။ ဒီ့ထက် ခပ်ရင့်ရင့်လေး ဆိုရရင်... လင်မရသေးလို့ လင်မယူတာမှ မဟုတ်တာ။ လင် မလိုချင်သေးလို့၊ အပူအပင်မရှိချင်လို့၊ တာဝန်တွေ၊ ဝတ္တရားတွေကို ရင်မဆိုင်ချင်လို့၊ ကိုယ့်ကိုကိုယ် တယောက်တည်း ရပ်တည်နေရတာကို နှစ်ခြိုက်ပျော်ရွှင်လို့၊ လွတ်လပ်ပေါ့ပါးစွာ နေချင်လို့.,လို့ ခပ်ရွတ်ရွတ် ပြောလိုက်တော့မှပဲ ပါးစပ်ပေါက်တွေ ပိတ်သွားတော့တယ်။

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်မှန်း လူတိုင်းသိပါတယ်။ "အိမ်ထောင်မှု့၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး" လို့တောင် ဆိုကြတယ် မဟုတ်လား။

ဘယ်လိုပဲဖြစ်ဖြစ် ပျက်ရယ်ပြုသလို လှောင်ပြောင်ပြီး ဒီအသက် ဒီအရွယ်မှာမှ ယောင်္ကျား မယူသေးလို့၊ နှောင်ကြိုးတွေနဲ့ ရစ်ပတ်နှောင်တွယ်ခြင်း ဆိုတဲ့ အိမ်ထောင်မပြုသေးပဲ တကိုယ်တည်း ဖြစ်နေသေးတာကို "အပျိုကြီး" လို့တော့ မခေါ်စေချင်ဘူးရှင်။ :)))



ချစ်ခြင်းမေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင်
Kensington, London
01:15AM

9 Responses to “" အပျိုကြီးလို့တော့ မခေါ်စေချင် "”

PURPLE VINE said...

မှန်လိုက်တာ နန္ဒာရယ်။ ကိုယ်လဲ အဲဒီလိုခေါ်ခံရရင် စနောက်တယ်လို့ဘယ်တော့မှ မထင်ဘူး။ လှောင်တယ် လို့ပဲထင်တယ်။ မကြိုက်လို့ပြောပြန်ရင်လဲ ကိုယ်ကပဲ ကိုယ့်ဘဝကို မကျေမနပ်ဖြစ်နေလို့ လို့ထင်ကြအုန်းမယ်။ ဒါတွေပဲကြားရပါများလာတော့ ပြောတဲ့သူကတခါပဲပြောအုန်း ၁၀ယောက်လောက်ကပြောရင်ပဲ ပြောခံရတဲ့သူက တယောက်ထဲလေ။ ဘယ်သီးခံနိုင်တော့မလဲနော်။

Vista said...

မမကွန် စီဘောက်က အပျိုကြီးတွေကို အပိုကြီး
လို့ စကြတယ် သူတို့ လည်းဆဲချင်မှာ ဟိ။ ကျနော်က တော့ချစ်လို့ ခေါ်တာ ပါ။ တချို့ အပျိုကြီးတွေကလည်း အတော်ရစ်တာကိုး ။ အရစ်ခံရရင် အပိုကြီးခေါ်လိုက်တာပဲ ။ အတော်တင်းတာဟိ။
အမှန်မှာတော့ ယောကျာ်းယူချင်မှယူတာကောင်းတယ် ။ မြန်မာတွေ အဲလိုမေးတာမြန်းတာ ကျနော်လည်းမကြိုက်ဘူး။ ရည်းစားမရှိတော့မရှိလို့ ။ရည်းစားရှိတော့ တွဲတာကြာလို့ နဲ့ စိတ်ပျက်စရာ။

Han Kyi said...

အင်း ဒီမှာတော့ အသက်အစိတ်မှ ပုခက်မချိတ်ရရင် တစ်သက်မနိပ်ဘူးလို့ ပြောကြတာပဲ...အခုနောက်ပိုင်းတော့ အသက် အစိတ်မပြောနဲ့ ၁၈နှစ်လောက်အရွယ်ကိုပဲ အပျိုကြီးခေါ်ကုန်ကြပါရောလား...ခေတ်က ကလေးတွေခေတ်ဖြစ်ကုန်ပြီတဲ့...အများနဲ့ တစ်ယောက်ဆိုတော့လည်း ဖက်ပြိုင်ပြီးမပြောချင်တော့ပါဘူးလေ...ဘာပဲဖြစ်ဖြစ် တစ်ဘက်သားရဲ့ ရွေးချယ်မှုကိုတော့ အဲဒီလို နံမည်တပ်ပြီး ပျက်ရယ်မပြုသင့်ဘူးလို့ ထင်တာပါပဲ...( ပို့စ်သစ်တင်တိုင်း ဖတ်ဖြစ်ပေမယ့် အခုမှပဲ ကွန်မန့်ပေးဖြစ်တာ စိတ်မရှိပါနဲ့ )

Purple Vine....,

အမရေ., စာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

အဲလို လှောင်ပြောင် ပျက်ရယ်ပြုသူတွေကို တကိုယ်တည်း သီးသန့်ဖြစ်နေတာဟာ ယူမယ့်သူ မရှိတော့လို့ မဟုတ်ပဲ အိမ်ထောင်မပြုချင်လို့ရယ်၊ အိမ်ထောင်ပြုခြင်းဟာ အသက်ကြီးရင့်တာနဲ့ မဆိုင်တာရယ်၊ ရှေးအယူအဆတွေ၊ အခေါ်အဝေါ်တွေကို ယူသင့်တာယူ ပယ်သင့်တာပယ် စသည်တို့ကို ခွဲခြား မြင်နိုင်ကြစေချင်မိတယ်။

သီးခံခြင်းဆိုတာမှာလဲ အတိုင်းအတာတော့ ရှိရမှာပေါ့နော်။


Vista....,

အပိုကြီး လိုလဲ့ စကြတာ အခုမှ သိတယ်.., ဗစ်ရေ...

ချစ်ခြင်းမေတ္တာနဲ့ ခေါ်တာထက် လှောင်ချင်ပြောင်ချင်လို့ ခေါ်တာမျိုးကို နန္ဒာလဲ မုန်းတယ်။

အတော်ရစ်တယ်ဆိုတာဟာလဲ စိတ်ရဲ့ ထွက်ပေါက်တခုအနေနဲ့ ကိုယ်နဲ့ ပါတ်သတ်ရင်းနှီးလာသူတွေကို ဖြစ်တာပါ။ သာမာန်ဆို မဖြစ်တတ်ပါဘူး။

ငယ်တုန်းကတော့ အဲလိုကို နွဲ့ဆိုးလေးလို့ မြင်သလို၊ အသက်ကြီးသူက ငယ်သူကို လုပ်တော့ ရစ်တယ် မြင်တယ် ထင်တာပါပဲ။ အဲလိုရစ်တာဟာ အိမ်ထောင်မပြုလို့ ဖြစ်တာ ဟုတ်မယ်မထင်ဘူး။

တကိုယ်တည်းဖြစ်တာဟာ ကိုယ်ပိုင် ရွေးချယ်မှု့ကြောင့်လို့ ထင်ပါတယ်။

ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။


ကိုဟန်ကြည်...,

ကိုယ်ပိုင် ရွေးချယ်မှု့ကြောင့် ဖြစ်လာတဲ့ အခြေအနေကို ပျက်ရယ်ပြုတာမျိုး နန္ဒာလဲ မနှစ်သက်သလို လုပ်လဲ မလုပ်ဘူး။

ပို့စ်သစ်တင်တိုင်း ဖတ်ဖြစ်တယ် သိရလို့ ဝမ်းသာပါတယ်။ ကွန်မန့်အတွက်လဲ ကျေးဇူးတင်ပါတယ်။

ဆုမြတ်တော့ အပျိုကြီးမယ်လုပ်မယ် မနန္ဒာ
ကိုယ်ပိုင်ေ၇ွးချယ်မှုပါး)

နန္ဒာရေ...

အကြောင်းအရာ တိုက်ဆိုင်သွားတယ်လို့ပဲပြောပြော... ဒီပို့စ်လေးကို သဘောကျမိတယ်။း)

အိမ်ထောင်ပြုတယ်၊ မပြုဘူးဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆန္ဒမို့ ဘေးကနေ ထင်ကြေးနဲ့ ဝိုင်းပြောကြ၊ စကြနောက်ကြတာမျိုး မဇွန်လည်း မကြိုက်ဘူး။ ဒါတောင် နန္ဒာက ၃ဝ မရောက်သေးဘူး။

မဇွန်တို့ဆို တော်တော်လေးကို အပြောခံ၊ စနောက်ခံရပြီးပြီ။ ဒီ့ထက်ပိုဆိုးတာတစ်ခုက လူလွတ်အချင်းချင်း စပ်ဟပ်ကြ၊ ပေးစားကြ၊ စကြနောက်ကြနဲ့ မဇွန်ဆို အဲဒါမျိုးတွေ လုံးဝ လုံးဝ မကြိုက်ဘူး။

နန္ဒာပြောသလိုပဲ ခေတ်ကပြောင်းသွားပြီဆိုတော့ မြန်မာမိန်းကလေးတွေတောင် အိမ်ထောင်ပြုတဲ့အချိန်အခါ တဖြည်းဖြည်းနောက်ကျလာတာ တွေ့ရတယ်။

မဇွန်လည်း အရင်က အိမ်ထောင်ပြုချင်စိတ်ရှိခဲ့ပေမယ် ခုနောက်ပိုင်းတော့ တစ်ယောက်တည်း (Single Lady) ဘဝမှာ အသားကျ ပျော်ရွှင်နေလိုက်တာ သူများကိုပေးစရာ အချိန်ပိုတောင် မရှိလောက်အောင်ပဲ။ ;)

ဆုမြတ်

တကိုယ်တည်း သီးသန့်ပဲ ဘဝကို ဖြတ်သန်းမယ်ဆိုတဲ့ ဆုမြတ်ရဲ့ ကိုယ်ပိုင်ေ၇ွးချယ်မှု့ကို နန္ဒာ လေးစားပါတယ်။

ဘဝမှာ တကိုယ်တည်းဖြစ်နေသော်လည်း ပျော်အောင်နေတတ်မယ်ဆို ဘဝဟာ ပြည့်စုံပြီးသားဆိုတာ ညီမလေး ဆုမြတ် သိလာမှာပါ.... :))


မဇွန်

နန္ဒာ ဒီပိုစ့်လေး ရေးတတ်သလို ရေးလိုက်တာ...

အပြောခံ၊ စနောက်ခံရလွန်းတာကို မခံချင်တာထက် ဘာကြောင့် မိန်းမသားတွေဟာ အိမ်ထောင်မပြုလဲ ဘဝမှာ အဓိပ္ပါယ်ရှိအောင် ရပ်တည်နိုင်ကြတယ်၊ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်နိုင်ပြီး ကိုယ့်ကိုကိုယ် ရပ်တည်နေနိုင်သလို မိဘ၊ မောင်နှမကို ပိုပြီး ကြည့်နိုင်တယ်။

အိမ်ထောင်ပြုတာ အသက်အရွယ်နဲ့ မဆိုင်ပဲ ရှေးအယူတွေကို လက်မခံကြတော့တာရယ်၊ အိမ်ထောင်ပြု ကလေးမွေးမှာ မိန်းမဖြစ်ရကြိုးနပ်တာ မဟုတ်ပဲ မိန်းမသားတွေဟာ တကိုယ်တည်း ရပ်တည်နေထိုင်ပြီး အေးချမ်းတဲ့ ဘဝကို တည်ဆောက်နိုင်တယ်ဆိုတာ တွေးမိလို့......။

လူကြီးတွေရော၊ ရင်းနှီးသူတွေပါ လူလွတ်အချင်းချင်း စပ်ဟပ်ကြ၊ ပေးစားကြတာ နန္ဒာလဲ လက်မခံဘူး....။ လာလုပ်လို့လဲ မရဘူး။

နေရာတိုင်းမှာတော့ Pros & Cons က ရှိမှာပေါ့နော်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်း (Single Lady) အဖြစ် ဘဝမှာ အသားကျ ပျော်ရွှင်နေတာ များလာတဲ့ခါ၊ လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်လာလေ အိမ်ထောင်မပြုချင်လေပဲ။

ကိုယ်ပိုင် ရွေးချယ်မှု့နဲ့ ဘဝမှာ ရပ်တည်နေကြတဲ့ သူတွေအားလုံးကို နန္ဒာ တကယ်လေးစားတယ်။ =)

myothakoyin said...

It has been a while since you went quiet. Good to see that your blog is alive and kicking. Inappropriate perhaps to intellectualise your cheerful post here , but the truth I think is we have no concept of ‘individual/ism’ in our current culture; haven’t we? And we are culturally arrogant indulging in the myth that we are the most polite folks around! Common symptoms of any closed society that was closed for so long, I guess.
Luckily, my family don’t do that but acquaintances including monks called me that term(for men). Sometimes I corrected them explaining the history of the Renaissance in the 14th century Europe, the actual fact that we indeed had the root of individualism in our culture i.e wife doesn’t adopt husband’s names, and telling them how individualism is essential in Democracy,etc. Of course they think I was nut. So, it is a difficult issue hugely annoying yet we will have to deal with it , my dear single girl!

Nyi Linn Thit said...

ပို့စ်လေး ကောင်းတယ် နန္ဒာရေ..၊ ဒီလို တဖက်သားရဲ့ ကိုယ်ပိုင် ရွေးချယ်မှု၊ လျှောက်လှမ်းမှုကို စွက်ဖက်တဲ့ အခေါ်အဝေါ်ကို မသုံးသင့်တာ အမှန်ပါပဲ၊ ပြီးတော့ ခေတ်ကလည်း ပြောင်းလာပြီ မဟုတ်လား၊ သင်ယူစရာ တွေရဲ့ ကြားမှာ အမျိုးသမီးတွေ အိမ်ထောင်ပြုတာ နောက်ကျလာနေတာ အထင်အရှားပါ၊ ဖတ်နေရင်းနဲ့ ဂျေညီညီရဲ့ “xxx အပျိုကြီး တကယ်လုပ်မှာလား xxxx” ဆိုတဲ့ သီချင်းလေးတောင် ခေါင်းထဲရောက်လာ သေးတယ်..။း)