Thursday, 1 September 2011

" လွတ်လပ်ပျော်ရွှင် ဘလောဂ့်ဂင်းချင် "

Blog Day အမှတ်တရ
August 31 2011

မင်္ဂလာပါရှင်

မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ပထမ နှုတ်ခွန်းဆက်သပါတယ်။

ဘလော့ဂါများနဲ့ စာဖတ်သူများကို ဆက်သွယ်ပေါင်းကူးပေးတဲ့ ဘလောဂ့်လောကဟာ ပန်းခြံကြီးလို စည်စည်ကားကားနဲ့ ပွင့်ဖူးဝေဆာလို့ နေကြပါတယ်။

စာရေးသူ ဘလော့ဂါများနဲ့ စာဖတ်သူများအတွက် သတ်သတ်မှတ်မှတ် ထားရှိတဲ့ ဘလောဂ့်ဒေး (Blog Day) ဟာ သြဂုတ်လ ၃၁ရက်ဆိုတာ ဘလောဂ့်နဲ့ ထိတွေ့ ရင်းနှီးသူများ သိပြီးဖြစ်မှာပါနော်။

ဒီဘလောဂ့် ပန်းခြံကြီးထဲမှာ အရှိန်အဝါ ကောင်းကောင်းနဲ့ အပင်ကြီးတွေ ဖြစ်လို့ ဒီအပင်ကြီးတွေမှာ အကိုင်းအခက်တွေ စုံလင်ပြီး အရိပ်အာဝသ ကောင်းကောင်းနဲ့ နေရာ အရပ်ရပ်က ကျေးငှက်ရောင်စုံတို့က ခိုနား နေကြတာတွေ ရှိပြီး၊ အနားယူသွားတဲ့ စွန့်ခွါသွားတဲ့ အပင်ဟောင်းတွေလဲ ရှိနေပါတယ်။ ထို့အတူ ဖူးစငုံစ ပန်းကလေးတွေ၊ အလှမာန်တင့်ကြွယ်နေတဲ့ ပန်းကလေးတွေ၊ မထင်မရှားဟန်နဲ့ ပန်းကလေးတွေ အများကြီး ဝေဆာပွင့်ဖူးနေကြပါတယ်။

အဲဒီ ပန်းခြံကြီးထဲက မထင်မရှားဟန်နဲ့ ထိရှခံစားတတ်တဲ့ ပန်းကလေးတပွင့်အဖြစ် "My Wonderful Moral Thoughts" လို့ အမည်တွင်တဲ့ ကျမရဲ့ ဘလောဂ့်စာမျက်နှာလေးလဲ အပါအဝင်ပေါ့ရှင်။

နှစ်သက်ရာ တေးသီချင်း သံစဉ်များ ဝေမျှလိုက်၊ ခံစားချက်လေးတွေ ရင်ဖွင့်လိုက်၊ ကဗျာလေးတွေ ရေးဖွဲ့လိုက်နဲ့ ကျမရဲ့ ဘလောဂ့် စာမျက်နှာလေးမှာ ကိုယ့်ယုံကြည်ချက်အတိုင်း ပျော်ရွှင်ရင်း၊ ၀မ်းနည်းရင်း၊ လွမ်းစရာလေးတွေဖြစ်ရင်း၊ လဲပြိုခြင်း၊ ထမတ်ခြင်း၊ ကြည်နူးပီတိဖြစ်ရင်း စတဲ့ ခံစားမှု့ အစုံစုံနဲ့ လမ်းဆက်လျှောက်နေတာ ၃နှစ်ကျော်လို့ ၄နှစ်ထဲ ဝင်လာပြီဖြစ်ပါတယ်။

ပိုစ့်တွေ အများကြီးကို ကျမ စိတ်ကူးတွေထဲ ရေးနေတာ ကြာပါပြီ။

ကိုယ်ရေးကိုယ်တာနဲ့ လူမှု့ရေးလုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရတဲ့ အလုပ်တာဝန်တွေနဲ့ ပါတ်သတ်ရာ ပါတ်သတ်ကြောင်းတွေ စသည်တို့နဲ့ ပတ်ချာလည်နေပြီး အချိန်တွေ ရှားပါးလာတဲ့အတွက် စိတ်ကူးသာရှိတယ်၊ အကောင်အထည် မဖော်ဖြစ်ပါဘူး။

ဖေ့စ်ဘွတ်ဆိုတဲ့ လူမူ့ကွန်ယက် ဆက်သွယ်ရေးဟာ အရှိန်အဝါကြီးလာတဲ့ အခါ ဘလောဂ့်ဆိုတဲ့ဖက် ကျမ မလှည့်ဖြစ်တော့ဘူး။

ဟိုးးးးးအရင် ၂၀၀၈ခုနှစ်၊ သုံးနှစ်ကျော် အခါက ဘလောဂ့်ဆိုတာ သိစပြုလို့ ကျမ စတင် လျှောက်လှမ်းခဲ့တဲ့ အချိန်မှာ ဒီဘလော့ဂ် စာမျက်နှာကို တနေ့ ဆယ်ကြိမ်ထက်မနဲ ဝင်ပြီး ပျော်မြူးခဲ့တဲ့ ကျမ အခု ပိုစ့်ပုံမှန် မရေးဖြစ်တဲ့ အပြင် ၁ပါတ်၁ခါတောင် ဝင်မကြည့်နိုင်တော့ပါဘူး။

ကျမကသာ ကျမရဲ့ ဘလောဂ့်စာမျက်နှာကို စိမ်းကားရက်ပေမယ့် ဘယ်အချိန် ကျမ ပြန်လာလာ၊ ဒီဘလောဂ့် စာမျက်နှာလေးဟာ ကျမကို အပြစ်မမြင်တဲ့ နွေးထွေးပျူငှာစွာ ကြိုဆိုခြင်းမျိုးနဲ့ အမြဲ ကြိုဆိုနေပါတယ်။

တကယ်တော့ ဒီဘလောဂ့်စာမျက်နှာဟာ ကျမရဲ့ ဒုတိယအကြိမ်မြောက် စာမျက်နှာလေးပါ။ ဒီစာမျက်နှာ မတိုင်ခင် ကျမမှာ အရင် တည်ဆောက်ခဲ့ရတဲ့ စာမျက်နှာလေး ရှိခဲ့ဘူးပါတယ်။


အဲဒီ ပထမဆုံးသော စာမျက်နှာကို စာရေးသက် ၃လလောက်အကြာမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြိုဖျက်ခဲ့ရာကနေ ခဏတာ ရပ်နားခဲ့တဲ့ အချိန်တိုလေး အတွင်းမှာပဲ ယခု ဒီစာမျက်နှာလေးကို ကျမ ပြန်လည်တည်ဆောက် ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီဘလောဂ့် စာမျက်နှာကို စတင် တည်ဆောက်ခဲ့စဉ်ထဲက ကွန်ယက်ဒိုင်ရာရီအဖြစ်သာ ဖွင့်လှစ်ခဲ့ပြီး ကျမနှစ်သက်ရာ တေးသီချင်း သံစဉ်များ၊ ကဗျာများ၊ ကျမဘဝနဲ့ ကျမရဲ့ စိတ်ခံစားရာ တစိတ်တဒေသကိုသာ ရေးဖြစ်ခဲ့ပါတယ်။

ဆိုရရင်. . . . ,

ဘာကြောင့် ဘလော့ဂ်ကို ရေးရပါသလဲ။ ဘာကြောင့် ဆက်ရေးဖြစ်နေပါသလဲ ဆိုတာနဲ့ အနဲငယ် ပြောလို့ စပါရစေရှင်။

ဘလော့ဂ်ရေးတာဟာ ရေးနေတဲ့သူတွေ အားလုံးအတွက် "စိတ်ကူးတွေ တောင်ပံဖြန့်ရာ စိတ်လွင်ပြင်ကျယ်တခု" ဒါမှမဟုတ် "စိတ်ထွက်ပေါက်" တခုပါပဲ။

မိမိပြောချင်တာ၊ ခံစားနေရတာ၊ ဖြစ်ချင်မိတဲ့ ဆန္ဒတွေ၊ ပျော်စရာပဲ ဖြစ်ဖြစ်၊ ကြည်နူးစရာပဲ ဖြစ်ဖြစ်၊ လွမ်းစရာပဲ ဖြစ်ဖြစ်၊ ကြေကွဲစရာပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးတွေ၊ ခံစားချက်တွေကို သူတပါးကို ပြန်ပြောပြ၊ မျှဝေရုံတင် မဟုတ် ကိုယ့်ဖာသာ ကိုယ်လဲ မျှဝေခံစားနိုင်လို့ (Sharing Ourselves) စိတ်ကို အစအဆုံးမရှိ ဖြန့်ကျက် ထွက်ပေါက်ပေးတဲ့ နေရာတခုပါပဲ။

ဘလော့ဂ် စာမျက်နှာပေါ်ကနေ နေ့စဉ် ဖြစ်ပျက်နေတဲ့ မိမိရဲ့အတွေ့အကြုံ၊ ခံစားမှု့က အစ၊ ကိုယ့်ယုံကြည်မှု့ ရပ်တည်ချက်တွေအထိ အဆုံး ဘယ်သူ့ရဲ့ ထိမ်းချုပ်တည်းဖြတ်မှု့ကိုမှ မခံရဘဲ လွတ်လပ်စွာ ရေးသားခွင့်၊ တင်ပြခွင့်၊ မျှဝေခွင့် ရကြပါတယ်။

ဒီအချက်တွေကြောင့် ဘလော့ဂ်ကို အစပြုဖြစ်ခဲ့ပြီး ဆက်ရေး ဖြစ်နေပါတယ် ဆိုရပါမယ်။

ဘလော့ဂ်ရေးတဲ့ အတွက် အရင်က စာဖတ်မနာခဲ့တာ စာတွေ ပိုဖတ်ဖြစ်လာပါတယ်။ ကိုယ်ပြောပြချင်တဲ့ အချက်အလက်တွေ၊ တွေးမိတဲ့ အတွေးစိတ်ကူးတွေကို အထောက်အကူဖြစ်ဖို့ စာတွေ ပိုဖတ်ဖြစ်ပါတော့တယ်။

ဘာစာအုပ်မှ ကိုင်ပြီး သီးသန့် မဖတ်ဖြစ်ခဲ့စေအုံး တခြားသော ကိုယ်နှစ်သက်ရာ ဘလောဂ့်ဂါတွေရဲ့ အရေးအသား၊ တင်ပြချက်တွေကို ဖတ်မှတ်လေ့လာရင်း၊ နည်းနာယူရင်းနဲ့ စာတွေ ပိုဖတ်ဖြစ်ပါတော့တယ်။

ပညာဆိုတာ ယူတတ်ရင် နေရာတိုင်းမှာ ရှိပါတယ်။ ဘလောဂ့် ဖတ်ခြင်းနဲ့ ရေးခြင်းတို့ကြောင့် ကျမရဲ့ မြန်မာစာ အရေးအသား၊ အပြောအဆိုဟာ တိုးတက်မှု့ အများကြီး ရှိလာတယ်ဆိုတာ ငြင်းမရပါဘူးရှင်။

ဒါကို ဟိုးအရင်ကထဲက ကျမရဲ့ ဘလော့ဂ်စာမျက်နှာကို ဖတ်လာဖြစ်မယ့် စာဖတ်သူတွေလဲ သတိထားမိမယ် ထင်ပါတယ်။

ကျမအတွက်တော့ ဘလောဂ့်ပေါ်မှာ ပညာတွေ တော်တော်ရသလို လူတွေအကြောင်း ပိုသိ၊ ပိုနားလည် လာပါတယ်။



အဲဒီလို ဘလောဂ့်ပေါ်မှာ ပညာတွေ ရလာတော့ အပြင်လောကမှာလဲ ပိုတွေး ပိုမြင်၊ ပိုနေတတ် ထိုင်တတ်လာပြီး လူတွေကို ပိုဆက်စံတတ် လာတယ်။ လေ့လာစရာ သင်ခန်းစာ ယူစရာတွေဟာ အပြင်လောကမှာရော ဘလောဂ့်ပေါ်မှာပါ တွေ့ရတယ်။

ဘလောဂ့်ပေါ်မှာ အသိပညာတွေ၊ အမြင်အတွေးတွေ လူတွေရဲ့ စိတ်နေသဘောထားတွေကို မြင်တွေ့ နေရတာ တကယ်ကို သင်ခန်းစာရတဲ့ အတွေ့အကြုံတွေပါပဲ။ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါပဲ။

ကျမ အနေနဲ့တော့ ဘလော့ဂ်ကို ဒိုင်ယာရီလို ပုံစံမျိုး ရေးတာဖြစ်လို့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကဗျာတချို့တွေ အားလုံးဟာ ဟိုမရောက် ဒီမရောက် တွေပါပဲ။ မဖြစ်စလောက် ဥာဏ်လေးနဲ့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကဗျာတွေကို စာရေးတဲ့ အချိန်နဲ့ အတွေးလေး ရင်းပြီးတော့ ရေးရတာပါ။

ပိုစ့်ရေးတယ် စာရေးတယ်ဆိုတာကလဲ မုဒ် (Mood) ဝင်နေမှ၊ ခံစားချက် အခံ အကြည်ဓါတ်လေး ရှိနေမှလဲ အတွေးလေး ပေါ်လာပြီး ရေးလို့ ရတာမျိုးလေ။

ဒီလိုပြောလို့ ကိုယ်တင်နေတဲ့ ရေးနေတဲ့ ပိုစ့်တွေဟာ Professional ဆန်ဆန်တွေ မဟုတ်ပါဘူး။

ဒိုင်ယာရီလိုမျိုး ရေးဖြစ်တဲ့အတွက် ရေးဖြစ်ခဲ့တဲ့ ပိုစ့်တိုင်းလိုလိုဟာ ကိုယ်ရေးကိုယ်တာ (Personal) အရမ်း ဆန်တာမျိုးတွေ၊ Personal Information တွေကို မျှဝေနေသလိုမျိုးတွေ၊ ကိုယ့်ရဲ့ ခံစားမှု့ Privacy တွေကိုသာ ရေးဖြစ်နေတာမျိုးလေ။

အမြဲမဟုတ်တောင် အချိန်ရရင် ရသလို အခွင့်အခါရှိတိုင်း ထပ်လဲ ရေးဖြစ်နေအုံးမယ် ထင်တာပါပဲ။

ကိုယ့်အကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်ကြိုက်နှစ်သက်ရာလေးတွေ၊ ကိုယ်ခံစားမိတာတွေ အကြောင်း ရေးတတ်ရုံက လွဲလို့ ကျန်တာလဲ ကိုယ်က မတွေးတတ် မရေးတတ်လေတော့ ခက်ပါတယ်ရှင်။

ဘယ်လိုပဲဖြစ်ဖြစ် စာရေးတဲ့အခါ ကိုယ့်အကြောင်းတွေကို ဘယ်လောက် ထုတ်ပြောလိုက်လဲ၊ ဘယ်လိုခံစားချက်နဲ့ ဘာကြောင့် ပြောလဲဆိုတာ သိနားလည်ဖို့ အရေးကြီးပါတယ်။

ထိမ်းချုပ်မှု့လေးနဲ့ ပြောသင့်တာ ပြောတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ အတွေ့အကြုံဆိုတာ ဖလှယ်ဖို့ မဟုတ်လားလေနော်။

လူတဦးနဲ့ တဦးကြား ဆက်သွယ်ကြ (Communication)တဲ့ အခါမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို လွယ်ကူစွာ နားလည်စေနိုင်ပြီး၊ မျှဝေခံစားနိုင်စေရင် လူမှု့ဆက်စံရေးတတ်တယ်လို့ ဆိုရပါမယ်။

တဦးနဲ့တဦးကြား ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မတင်ပြနိုင်ဘူး၊ တဖက်သား နားမလည်နိုင်ဘူး မျှဝေခံစားစေနိုင်ခြင်း မရှိဘူး ဆိုရင် ဆက်သွယ်မှု့ မအောင်မြင်ဘူးလို့ မြင်ပါတယ်ရှင်။


ဒါ့ကြောင့် ကျမ ရေးဖြစ်ခဲ့တဲ့ ရေးဖြစ်နေအုံးမယ့် စာတွေဟာ သုတ၊ ရသ၊ အသိအမြင်၊ ဗဟုသုတ ရချင်မှ ရမယ်၊ အနည်းဆုံး စာဖတ်သူကို အပျင်းပြေစေလောက်တယ်၊ ကိုယ်ရေးလိုက်တာကို နားလည်သဘောပေါက်ပြီး မျှဝေ ခံစားနိုင်တယ်ဆိုတဲ့ ဖျော်ဖြေမှု့ ရကြမယ်ဆိုရင် စာရေးလို့ ကုန်သွားခဲ့တဲ့ အချိန်တွေ၊ အားထုတ်ခဲ့ရမှု့တွေ အတွက် ကျေနပ်ပါတယ်။

ရှေ့ဆက်လျှောက်ဖို့ ခြေလှမ်းတွေအတွက်လဲ အားအင်သစ်တွေ ဖြစ်စေပါတယ်။

မည်သို့ပင်ဆိုစေ ခံစားမှု့တွေကို ကိုယ့်ဘလောဂ့် စာမျက်နှာပေါ်မှာ စကားလုံးတွေအဖြစ် ဖွင့်ချရေးလိုက်တာဟာ စာဖတ်သူ အနေနဲ့ နားလည်နိုင်စွမ်း ရှိပြီး, ကျမနဲ့ စာဖတ်သူများ အကြားမှာ "ခိုင်မြဲတဲ့ ရင်းနှီးမှု့" တခု ရခဲ့မယ် ဆိုရင် ရင်းလိုက်ရတဲ့ အချိန်တွေ အားလုံးအတွက် တန်ဖိုးအရှိဆုံးသော လက်ဆောင်မွန် တခုပါပဲ။

တကယ်တမ်း ရေရှည်မှာ ဘလောဂ့် အပင်တခု ရှင်သန်နေနိုင်ဖို့က ၀ါသနာဆိုတဲ့ မြေဆီမြေနှစ်၊ အချိန်ဆိုတဲ့ မြေလောင်းပေါင်းသင်မှု့နဲ့ အခြားအရာတွေပါ ရင်းပြီးမှ ဖြစ်တာမို့ လွယ်ကူလှတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။

လူတိုင်းမှာ ခံစားချက်ကိုယ်စီ၊ ယုံကြည်ချက်ကိုယ်စီ၊ ရပ်တည်ချက်ကိုယ်စီ ရှိကြပါတယ်။

ဘ၀ဆိုတာ တသမတ်တည်း မရှိသလို လမ်းဆိုတာလည်း တဖြောင့်တည်း တညီတည်း မရှိနေနိုင်ပါဘူးရှင်။

ကွဲပြားတဲ့ နေရာဒေသ အခြေအနေ၊ မတူညီတဲ့ ရှင်သန်ကြီးပြင်းမှု၊ လေ့လာသိရှိခွင့်ရတဲ့ ပညာရပ် စတာတွေကို အခြေခံပြီးတော့ ခံစားယုံကြည်တဲ့ ရပ်တည်ချက် အမျိုးမျိုး ရှိကြပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ ကိုယ်သွားလာရမယ့် လမ်းဟာ အနေအထားအရ ဖြောင့်ဖြူးနေပါစေ၊ ကွေ့ကောက်နေပါစေ လမ်းတိုင်းမှာ ပန်းတိုင်ဆိုတာတော့ ရှိရမှာပါ။

အဲဒီပန်းတိုင် မရောက်ခင်မှာ ဘယ်လောက်ပဲ လွယ်ကူပါစေ၊ ခက်ခဲပါစေ အဓိက,က ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် လျှောက်နေဖို့ပါပဲနော်။

အယူအဆရေးရာ အရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ် ခြားနားမှုကို လက်ခံနိုင်ပြီး အမြင်မတူသူတွေ ရှိလာရင် ဘာကြောင့် အမြင်မတူသလဲ၊ သူ့ ရပ်တည်ချက်က ဘာလဲ ဆိုတာနဲ့ အပြန်အလှန် အပေးယူမျှတလို့ တလေးတစားနဲ့လက်ခံ ဆက်စံနိုင်ရင် ကိုယ်နေထိုင်ရာ ဘဝလောကကြီးက အမြဲသာယာနေနိုင်မယ် ထင်ပါတယ်။

မြန်မာဘလောဂ့်ရွာမှာ ဒီဘလောဂ့် စာမျက်နှာလေးနဲ့ ဘလောဂ့်ဂင်းစဉ် ကာလတလျှောက် ကျမ ကြည်နူးပျော်ရွှင်ခဲ့ဖူးတယ်၊ ရင်ခုန်ခဲ့ဖူးတယ်၊ ၀မ်းနည်းပြီး ကြေကွဲငိုရှိုက်ခဲ့ဖူးတယ်၊ ခံစားချက်တွေ ဖွင့်ချခဲ့ဖူးတယ်၊ လူငယ်အလျှောက် ပေါက်ကွဲခဲ့ဖူးတယ်၊ လမ်းလျှောက်တတ်တဲ့ ကလေးငယ်တယောက် ခဏခဏ လဲကြသလို ပြိုလဲခဲ့ဖူးတယ်၊ အကွပ်မဲ့ကြမ်းလို ပရမ်းပတာ နိုင်ခဲ့ဖူးတယ်။

တဆက်ထဲမှာပဲ ဒီပိုစ့်နဲ့အတူ ကျမ လေးစားစွာဖြင့် တောင်းပန်စကား ဆိုပါရစေရှင်။

ဒီစာမျက်နှာပေါ်ကနေ မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများအပေါ်ကို ကျမ မောက်မာပြစ်မှား စော်ကားခဲ့ဖူးတာတွေကို ခွင့်လွှတ်နားလည်ပေးဖို့ အနူးအညွှတ် ဝန်ချတောင်းပန်အပ်ပါတယ်။

ဒီစာမျက်နှာမှာ နေ့စဉ် လူစည်ကားမနေပါဘူး။

ဒါပေမယ့် တရွေ့ရွေ့သွားနေတဲ့ ဒီလမ်းခရီးမှာ အရင်ကလိုတော့ ဘလောဂ့်ဂင်းတာမျိုး မရှိတော့ပေမယ့် ရှေ့လျှောက် ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ပိုစ့်တွေ စိတ်စိတ် မရေးဖြစ်ရင်တောင် တခါတရံ ရေးဖြစ်နေအုံးမယ် ထင်ပါတယ်။

ကျမနှစ်သက်တဲ့၊ ကျမ အမြဲ ဖတ်နေတဲ့ ဘလောဂ့်များက ကျမရဲ့ ဒီဘလောဂ့် စာမျက်နှာရဲ့ side bar မှာ ဖော်ပြပေးထားတဲ့ ဘလောဂ့်တွေ အားလုံး ဖြစ်ပါတယ်။

ကျမရဲ့ ပိုစ့်တွေကို အချိန်ပေးပြီး လာရောက်ဖတ်ရှုတဲ့ ပုံမှန် စာဖတ်သူတွေရော၊ ဟိုမှဒီမှ ရောက်လာတဲ့ စာဖတ်သူတွေကိုပါ ''အထူး ကျေးဇူးတင်ပါတယ်''လို့ အားပါးတရ ဒီနေရာက ပြောပါရစေရှင်။

ပုံမှန် စာဖတ်သူတွေ၊ ကွန်မန့်ချန်ခဲ့သူတွေကိုတော့ တကယ့်ကို လေးစား တန်ဖိုးထားမိပါတယ်။

ဒါ့အပြင် ဟိုးအရင်ထဲက ခြေရာမချန်၊ စာလာဖတ်တာ လူမသိစေတဲ့ တိတ်တဆိတ် ပုံမှန် စာဖတ်သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။

အခုမှ စာလာဖတ်သူတွေနဲ့၊ မျိုးဆက်သစ် ဘလောဂ့်ဂါများကိုလဲ နွေးထွေးစွာ ကြိုဆိုပါတယ်။ အခုဆိုရင် ရွှေပြည်ကြီးမှာ ဘလောဂ့်ဆိုတာကို လွတ်လပ်စွာ အသုံးပြုခွင့်ရပြီဖြစ်လို့ ဝါသနာတူ တက်သစ်စ လူငယ်များကို ကြိုဆိုပါတယ်ရှင်။

အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှု့ များကို အမြဲလေးစားစွာ ကြိုဆိုပါတယ်။


လွတ်လပ်ပျော်ရွှင် ဘလောဂ့်ဂင်းချင်တဲ့ ကျမ စည်းလွတ်ဝါးလွတ် မဖြစ်အောင် ကိုယ့်ကိုကိုယ် ပြင်ယူရင်း၊ ချစ်ခြင်းဖြင့် ဆုံးမသွှန်သင်ပေးမယ့် စာရေးဖော် မောင်နှမ ဘလောဂ့်ဂါများရဲ့ မေတ္တာနဲ့၊ စာဖတ်သူများရဲ့ စစ်မှန်စွာ ဝေဖန်ထောက်ပြမှု့များဟာ ကျမအတွက် အားသစ်လောင်းစေတာ အမှန်ပါပဲ။။

ကျမကို အပြစ်မမြင်ကြတော့ပဲ မြန်မာဘလော့ဂါများ အားလုံးနဲ့ စာဖတ်သူများ အားလုံးရဲ့ ပွင့်လင်းတဲ့ ရင်ခုန်သံ၊ ရင်းနှီးတဲ့ ဝေဖန်သံကို ကျမ ကြားချင်ပါတယ်ရှင်။ ကျမကို ကြားနာခွင့်ပြုပါနော်။


မြန်မာဘလော့ဂါ တယောက် ဖြစ်ရတာကို အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ''ကျေးဇူးတင်ပါတယ်'' ဆိုတဲ့ စကားထက် ပိုမိုကောင်းမွန်တာ တွေးမရလို့ ကျမကို ချစ်ခင်သူ၊ နှစ်သက်သူ၊ မုန်းသူ၊ မနှစ်သက်သူ၊ ဆန့်ကျင်သူများ အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင် တန်ဖိုးထားကြောင်း ရိုးရှင်းစွာ၊ လေးစားစွာဖြင့် ဘလောဂ့်ဒေး (Blog Day), သြဂုတ်လ ၃၁ရက် ၂၀၁၁ "အမှတ်တရ" အဖြစ် ထပ်လောင်း ပြောပါရစေရှင်။


MBS နဲ့ မြန်မာဘလောဂ့်လောက အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ။


ဝန်ခံချက်:
ဘလောဂ့်နဲ့ ပါတ်သတ်တာရယ်၊ ကျမရဲ့ ဘလောဂ့် စာမျက်နှာနဲ့ စပ်လျဉ်းတာရယ်တွေကို ကျမရဲ့ ဒီစာမျက်နှာ ဟစ် နှစ်သိန်းပြည့်ခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရေးခဲ့တဲ့ "Hit (ဟစ်) နှစ်သိန်းပြည့်တဲ့ ဒီဇင်ဘာ 2010" ပိုစ့်မှာ တော်တော်များများ ပြည့်စုံသလောက် ရင်ဖွင့်ဖြစ်ခဲ့ပြီး၊ အဲဒီ ပိုစ့်မှာ ကျမရေးခဲ့တဲ့ စာများကို ကျမပြန်ဖတ်လေတိုင်း အမှတ်တရ ဖြစ်နေစေလို့ Blog Day, 2011 အမှတ်တရအဖြစ် အနဲငယ် ပြင်ဆင်ဖြည့်စွက် ရေးသားပါသည်။


ပုံများကို အင်တာနက်မှ ရယူ အသုံးပြုပါသည်။



စစ်မှန်သော မေတ္တာဖြင့်

စိုးမြနန္ဒာသက်လွင်
August 31 2011
Kensington, London


Related Posts:

Happy Blogging 2008!

Update Diary ( မှတ်မှတ်ရရ )

"Hit (ဟစ်) နှစ်သိန်းပြည့်တဲ့ ဒီဇင်ဘာ 2010"

6 Responses to “" လွတ်လပ်ပျော်ရွှင် ဘလောဂ့်ဂင်းချင် "”

နောက်ပိုင်းမှာလည်း စာများ ဆက်ရေးနိင်ပါစေလို့ တိုက်တွန်းအားပေးရင်း. . ခပ်စိတ်စိတ် မဟုတ်လည်း မစိတ်မကျဲလေးတော့ ရေးပါဦးဗျာ


ခင်မင်စွာဖြင့်
ဗညားရှိန်

ကိုဗညား

ကျေးဇူးတင်ပါတယ်။ မလေး အိမ့်ချမ်းမြေ့ရဲ့ ပိုစ့်ကို ဖတ်မှ လင်းခေတ်ဒီနိုရယ်၊ နတ်ဆိုးရယ်ဟာ ကိုဗညားမှန်းသိတော့တယ်။ ကဗျာတွေ ဖတ်ဖြစ်ပါတယ်။ ကိုဗညား ဘလော့ဂ်ကို လင့်ခ်လိုက်ပါ့မယ်ရှင်။ :)

khun said...

နန္ဒာ စာပြန်ရေးပြီ :)
ဝမ်းသာပါတယ်... သူများတွေတော့မသိပေမယ့် ကြည်ဖြူကတော့ ဖတ်လို့ကောင်းတယ်...တကယ် :)
ခုတလော ကိုယ်ကိုတိုင် စာမရေးဖြစ်ပေမယ့် သူများစာတွေတော့ အမြဲဖတ်ဖြစ်တယ်။
စာတွေဆက်ရေးပါ နန္ဒာ...

ချစ်ခင်တဲ့

ခွန်ကလေ နန္ဒာကိုဆို အမြဲအားပေးတယ်။ အဲဒီအတွက် နန္ဒာ ဝမ်းသာပါတယ်။ အမြဲမဟုတ်တောင် ကြိုးစားပြီး ရေးတတ်တာလေးတွေ ရေးပါ့မယ်။

ကျေးဇူးတင်ပါတယ် ခွန်ရယ်။ =)

နန္ဒာရေ... မဇွန်လည်း အလုပ်မှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုများပြီး လူမှုကိစ္စတွေမှာလည်း အချိန်ပေးရသေးတော့ နေ့စဉ်နဲ့အမျှ အချိန်တွေ ပိုပိုပြီး ရှားပါးနေတာ စာရေးချင်ရင် အချိန်လု၊ အအိပ်ပျက်ခံပြီးမှပဲ ရေးလို့ရတာမို့ ခုဆို စာရေးကျဲသွားတယ်။ ဒါကြောင့် နန္ဒာ့ကို ရေးပါလို့ အတင်းကြီး မတိုက်တွန်းပေမယ့် အကြည်ဓာတ်ကလေးရတဲ့အခါတော့ ရေးပေါ့နော်။ :)

Have a great weekend!

ဟုတ်ကဲ့ မဇွန်.. ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။ အမြဲမဟုတ်တောင် တခါတခါ ရေးဖြစ်နေအောင် ကြိုးစားရမယ်။ စာမရေးတာ ကြာရင် ဘယ်က ဘယ်လို စရမှန်း မသိတော့ဘူး။ မဇွန်ရေးမယ့် စာတွေလဲ နန္ဒာ မျှော်နေပါ့မယ်။

ပျော်ရွှင်ပါစေ။