၂၀၀၂ခုက အလည်ပြန်ဖြစ်ခဲ့ပြီး ၁၀နှစ်ကျော်ကြာ ခွဲခွာနေရတဲ့ ကျမရဲ့ မွေးရပ်မြေ၊ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာပြည်ကို မလွမ်းပဲ ရှိပါ့မလားရှင်။လွမ်းတာပေါ့.........။
ဒါကြောင့် အခု ရန်ကုန် ပြန်လည်ပါမယ်။
အခုလာမယ့် စနေညနေပိုင်း ရန်ကုန်ကို ရောက်မယ်။
ဟုတ်တယ်.........။
မထင်မှတ်ထားပဲ.....၊ လုံးဝ မမျှော်လင့်ထားပဲ ပြန်ဖြစ်မယ့် ခရီးစဉ်ပါ။ ၁၀ရက် နေရမယ်။
လေယာဉ်လက်မှတ်ကို ကိုယ်အလုပ်လုပ်ရာ ရုံးက အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခရီးသွားရင် ဦးစားပေး အစီအစဉ်လိုမျိုးနဲ့ ကံကောင်းစွာ စီစဉ်ပေးတော့ အခုလို ရာသီ လက်မှတ်တွေ ဈေးကြီးချိန်မှာ ကုမ္မဏီဈေးနှုာန်းနဲ့ ဈေးနှုာန်းချိုသာစွာ ပြန်ချင်တဲ့ ရက်ကို ချက်ခြင်း ရလိုက်ပြန်တယ်။
လေယာဉ်လက်မှတ်က ခရစ်စမတ် မတိုင်ခင် လန်ဒန်လဲ ပြန်လာလို့ရတာဆိုတော့ ဒီမှာ စီစဉ်ထားတဲ့ တခြားအရာတွေလဲ မပျက်တော့ဘူး။
ကောင်းလိုက်တာ.........။
၂၀၁၁ နှစ်ကုန်ခံနီးမှာ ကံတွေ ကောင်းနေတာ။
ဒါကြောင့် ပြောကြတာနေမှာ လှံထမ်းလာတာပဲ လူမြင်တယ်၊ ကံထမ်းလာတာ လူမမြင်ဘူးတဲ့။
ဒါနဲ့ ချက်ခြင်းပဲ ရန်ကုန်ကို ဖုန်းလှမ်းဆက်၊ လူကြီးတွေကို အသိပေး၊ ဒီက သူတို့ ဘာလိုချင်လဲ၊ ဘာလိုအပ်နေလဲ မေးနဲ့၊ ကိုယ်ပြန်လာလည်ရင်လဲ ဘယ်လို ဘာလုပ်မယ် ဘယ်သွားမယ် စသည်တို့ ကောက်ခါငင်ကာ စီစဉ်ရတော့တယ်။
အခုလို ရုတ်တရက် ပြန်အလည်လာဖြစ်တော့မယ် ပြောတဲ့ ကျမကို အဖွားကလဲ မယုံချင့် ယုံချင်နဲ့၊ "အေး အေး ငါ့မြေးနဲ့ တွေ့ရချည်သေးရဲ့" လို့ လေပြေလေးနဲ့ ဆိုလေတယ်။
ကိုယ်ပြန်လာတော့မယ်ဆို သွားဖြစ်တဲ့ ၁၀ရက်လုံး ရန်ကုန်မှာချည်း မနေချင်ဘူး၊ ဘယ်တွေ သွားချင်တယ်ဆိုတာ ဟိုမှာ သေချာပေါက် ကြီးကြပ်ကွပ်ကဲ စီစဉ်ပေးနိုင်တဲ့ ချစ်ရတဲ့ အမဝမ်းကွဲနဲ့ ဖုန်းဆက်ရင်း စီစဉ်ဖြစ်ကြပါတယ်။
သူ့ပဲ အားကိုးရမှာလေ။ ပြန်လည်တဲ့အချိန် ကိုယ်လိုအပ်တာ၊ ဘယ်သွားမှာ အစစအရာရာ အားလုံး သူပဲ စီစဉ်ပေးရမှာပါ။
ရောက်မယ့်ရက်က အခု စနေ...................၊
ပြီးရင် တပါတ်လုံး အပြည့်နေပြီးတာနဲ့ နောက်တပါတ် အင်္ဂါဆို ခရစ်စမတ် မတိုင်ခင် လန်ဒန်ပြန်ရမှာ ဆိုတော့ ခရီးတွေ အများကြီး ရက်အကြာကြီး ထွက်လို့မရဘူး၊ ဦးစားပေး သွားချင်တဲ့ နေရာကိုပဲ သွားလို့ ရမှာဖြစ်နေပြီ။
ဆိုတော့ကာ....
လေယာဉ်က စင်ကာပူ ထရန်စစ်ဆိုတော့ စင်ကာပူကို မနက်ပိုင်း ရောက်လာပြီး လေဆိပ်ထဲ ၈နာရီလောက် မနေချင်တာနဲ့၊ တခါမှ မရောက်ဘူးသေးတဲ့ စင်ကာပူမြို့ထဲ ခဏဝင်ပြီး ကိုယ်ရောက်လာမယ့်ရက်ကလဲ စနေဖြစ်နေတော့ ဖြစ်နိုင်မယ်ဆိုရင် weekend အလုပ်,မလုပ်ရတဲ့ စင်ကာပူမှာ နေထိုင်ကြတဲ့ ဖေ့စ်ဘွတ်ပေါ်က ချစ်ခင်ရသော မောင်နှမတချို့နဲ့ ကော်ဖီ အတူသောက်၊ စကားတွေ ထိုင်ပြောချင်မိတာ။
အခုခရီးစဉ်က ရက်တိုတော့ တခါမှ မရောက်ဘူးသေးတဲ့ မန္တလေးနဲ့ ပြင်ဦးလွင်ကို မမခင်ဦးမေရဲ့ မြန်မာပြည်ခရီးစဉ် ပိုစ့်တွေထဲ ဝေဝေဆာဆာ ဖတ်လိုက်ရလို့ သွားချင်စိတ် ရှိပေမယ့် အခွင့်မသာလေတော့ ဒီတခါ မသွားတော့ပဲ နောက်တခါ မြန်မာပြည် အလည်ပြန်မှ သွားတော့မယ်ဆိုပြီး ချန်လှပ်ရတယ်။
ဒီလိုပဲ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရောက်ဖူးခဲ့တဲ့ ကလော၊ တောင်ကြီး၊ အင်းလေးကိုလဲ ရက်အခက်အခဲတွေကြောင့် သွားဖို့ မဖြစ်ပြန်ဘူး။
ရန်ကုန်နဲ့နီးတဲ့ ငွေဆောင် ကမ်းခြေလဲ သွားဖြစ်မယ် မထင်ဘူး၊ အခုခရီးက အပမ်းဖြေခရီးသက်သက် ထွက်လာတာ မဟုတ်လေတော့ ကမ်းခြေလို ခရီးမျိုးကို သွားဖို့ မဖြစ်နိုင်တာပါ။
ဒါနဲ့ ဖြစ်နိုင်တာတွေက....... .... ......
ရောက်မယ့်နေ့ ညမှာ အမျိုးတွေနဲ့ ရွှေတိဂုံဘုရားတက် အေးအေးဆေးဆေး ဖူးပြီး၊ ဘုရားက အပြန် အင်းလျားကန်ဘောင်ဘက် သွားပြီး ကန်ဘောင်ပေါ် လမ်းလျှောက်၊ အင်းလျားကန်ကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေပြေသွဲ့သွဲ့ကို ရှုရှိုက်လို့ ကောင်းကင်က ကြယ်တွေကို အမျိုးတွေနဲ့အတူ ကန်ဘောင်ကနေ ကြည့်ချင်သေးတာ။ ဖြစ်နိုင်ရင် ကြယ်တွေ ကြည့်တဲ့အခါ နေကြာစေ့ကို ကိုက်လို့ ခွဲခွာနေရချိန် သူအကြောင်း၊ ကိုယ့်အကြောင်း ဖလှယ်ချင်နေမိတာ။
နောက်နေ့ တနင်္ဂနွေနေ့မှာ အဖွား အနားမှာ တနေကုန်နေပြီး စကားတွေ ပြောနေမိမှာ၊ ရန်ကုန်အိမ်ရဲ့ အိမ်ထမင်း အိမ်ဟင်းကို တဝကြီး စားချင်သေးတာ။
တနင်္လာနေ့ရောက်တော့ အမ စီစဉ်ပေးထားတဲ့အတိုင်း လေယာဉ်နဲ့ ပုဂံကို သွားအုံးမှာ၊ တကယ်တော့ ပုဂံသွားရင် ဒေသန္တရ ဗဟုသုတ ရစေဖို့ ကားနဲ့ပဲ သွားချင်တာ၊ ကိုယ်ချစ်တဲ့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည်ကို ဧည့်သည် အနေနဲ့ပဲ လာလည်ရပြီး ရက်ရှည်နေရဖို့ အခွင့်မရှိလေတော့ ပြည်တွင်း ခရီးသွားရာမှာ လေယာဉ်ခရီးကို မငြင်းသာတော့ဘူးပေါ့။
ပုဂံကို တခေါက်ရောက်ဘူးပေမယ့် နှစ်တွေ ကြာပြီမို့ မမှတ်မိတော့ပါဘူး။
ဖေ့စ်ဘွတ်ပေါ် ဒေါက်တာစိုးမင်း ရေးထားတဲ့ “ပုဂံအလှ ရှာပုံတော်” ခရီးသွား ဆောင်းပါး လောလောလတ်လတ် ဖတ်ထားလေတော့ ပုဂံကို သွားချင်စိတ်၊ လေ့လာချင်စိတ်က ထိန်းမရပါဘူး။
သြော်.., နှစ်တွေ ဘယ်လောက်ပဲကြာကြာ အနောက်နိုင်ငံမှာ အခြေချနေထိုင် နေပေမယ့်လဲ ကျမရဲ့ အသွေးအသား ရိုးတွင်းချဉ်စီထဲမှာ မြန်မာဆိုတဲ့ စိတ်ဓါတ် အမြဲ ကိန်းအောင်းနေတာ။
မြန်မာပြည်ဆိုတာကို ချစ်မြတ်နိုးတဲ့ စိတ် ရင်ထဲမှာ အစဉ်ထာဝရ ရှိနေပြီး၊ နေ့စဉ် တွေ့ကြုံဆက်စံရတဲ့ နိုင်ငံခြားသား အနောက်တိုင်းသားတွေကို "ငါ မြန်မာ၊ မြန်မာပြည်က လာတာ" ဆိုတာ အမြဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေမိတာပါ။
ပုဂံမှာ ၃ရက်ကြာ နေထိုင်ပြီး ရန်ကုန်ကို ပြန်ရောက်တဲ့အခါ နေရမယ့်ရက် ၅ရက်ကျန်တဲ့အတွင်း လုပ်ချင်တာတွေ၊ တွေ့ရမယ့် ခင်မင်ရသော မိတ်ဆွေတွေနဲ့ ရက်ကလေးတွေ ခဏလေးနဲ့ ကုန်သွားမှာ နှမြောမိသားလား။
ပုဂံ အလည်အပါတ် ခရီးကနေ ရန်ကုန်ပြန်ရောက်တဲ့အခါ ငယ်ငယ်က နေခဲ့ဘူးတဲ့ မင်္ဂလာဒုံ ၁ လမ်းထဲက အိမ်နီနီကြီးကို သွားကြည့်ပြီး အနီးအနားတဝိုက် ကားလျှောက်ပတ်မောင်းချင်မိတယ်။
ပြည်ထောင်စုရိပ်သာက ၁၂-ဘီ ကို သွားကြည့်ချင်မိတယ်။
အဖွားရဲ့ အိမ်နားက ဗိုလ်ချုပ်ပန်းခြံထဲ မနက်စောစောထ ပြေးမယ်။
ကန်တော်ကြီးတပါတ်,ပါတ်၊ ကန်ရေတွေကို ကြည့်ပြီး လတ်လတ်ဆတ်ဆတ် လေတွေ တဝကြီး ရှုမယ် စိတ်ကူးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဓါတ်ပုံ အတူရိုက်မယ်။
အင်းစိန်က စီးတီး ဂေါ့ဖ်ကလပ်နားက ခြံအကျယ်ကြီးထဲမှာ အမျိုးတွေနဲ့ စုဝိုင်းပြီး ပျော်ပွဲရွှင်ပွဲတခု လုပ်မယ်။
စားချင်တာတွေကို ကယ်လိုရီ မတွက်ပဲ ဝမ်းပိတ်ဆေး ဆောင်ပြီး အဆီးအတားမရှိ စားပစ်မယ်။ ပကာသနဆန်တဲ့ စားသောက်ဆိုင်တွေမှာ ငွေမဖြုန်းပဲ လမ်းဘေးဆိုင်တွေမှာ ဟန်ဆောင်မှု့ မရှိပဲ စားချင်ရာ ဝယ်စားမယ်။
ရောက်တုန်းရောက်ခိုက် ကိုယ့်ချွေးနဲစာထဲကနေ ဇိဝိတဒါနသံဃာဆေးရုံနဲ့ ဘိုးဘွားရိပ်သာမှာ ထါဝရ ငွေပဒေသာပင် ကိုယ်တိုင်ကိုယ်ကျ သွားလှုမယ်။
ကိုယ်အလည်ရောက်တဲ့ အချိန်မှာ အားလုံးကို အတတ်နိုင်ဆုံး ပျော်အောင် လုပ်ပေးမယ်။
စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးမယ်။
သူ့တို့ အားလုံးရဲ့ အပျော်တွေ ကိုယ့်ဆီ ရောင်ပြန်လာဟပ်တဲ့အခါ ကြည်နူးရမယ်။ ပျော်ရွှင်ရမယ်။
ဟုတ်တယ်နော်.................။
ပျော်လိုက်တာ.....၊ သိပ်ကို ပျော်ရွှင်မိနေမှာ။
တွေးကြည့်မိတာနဲ့တင် ရင်တွေခုန်လိုက်တာ။
ဒီလိုနဲ့..... ....... ........
ဒီလိုနဲ့......... ........ ...... .....
+ + + + + + + + + +
* * * * * * * * * * * *
"တီ တီ တီ တီ တီ တီ တီ တီ"
နှိုးဆက်က အသံကျယ်နဲ့အတူ မလူးသာ မလွန့်သာပဲ ဟိုဘက် ဒီဘက် အိပ်ရာပေါ် လူးလှိမ့်လိုက်ပြီး တနေ့တာကို ရင်ဆိုင်ရဖို့ စက္ခုနှစ်လုံး နိုးပွင့်လာခဲ့တယ်။
ဟင်......, ငါ အိမ်မက်တွေ မက်နေပါလား။
ဟုတ်ပါတယ်........၊ မြန်မာပြည်ကို စိတ်ထဲစွဲပြီး ကျမ ဆောင်းအိမ်မက်တွေ မက်နေခဲ့တာပါ။
ရင်ထဲမှာ လှိုက်ခနဲ နင့်အောင် ဖြစ်သွားပြီး...., သက်ပျင်းမောတခုကို ဟင်းးးးး ကနဲနေအောင် ချလိုက်ပြီး...., အားသစ်မွေးကာ နေ့တနေ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ပါတော့တယ်။
ဒီလိုပါပဲ ကျမတို့လို အိမ်ဝေးနေသူတွေအဖို့ ဘဝမှာ ဖြေသိမ့်ခြင်းဆိုတာတွေနဲ့ပဲ ပြည့်နှက်နေတာ ထပ်ခါထပ်ခါတောင် လျှံကျနေပါပြီရောလား။
စိတ်ထဲမှာတော့ အိမ်မက်တွေသာ တကယ်ဖြစ်ခဲ့မယ် ဆိုရင်..... ...... ........
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင် (အိမ်လွမ်းသူ)
Kensington, London
01:32AM


9 Responses to “ဟလို ရန်ကုန်......, အလည်ပြန်မယ်။”
ဂယ်ကြီးမှတ်နေတာ ဟင့် .. ကိုယ်တောင်ရောပီး စိတ်မကောင်းဖြစ်သွားတယ်
တကယ်လားလို့.............
မနန်ဒါနော်...နောက်နဲ့ ငိုချင်လျက်လက်တို့....
စင်ကာပူကိုဝင်ရင် လေဆိပ်တောင်လာခဲ့မို့ပဲ
ဖေ့စ်ဘွတ်ပေါ်မှာ ဒီပိုစ့်ရဲ့ လင့်ခ်ကို ဝေမျှတဲ့အခါ ခင်မင်ရတဲ့ မောင်နှမများက ဖွင့်ဆိုတဲ့ စကားသံကို မပျောက်ပျက်သွားလိုတဲ့ အတွက် ဘလောဂ့်ပေါ် ခေါ်ယူ သိမ်းဆည်းခဲ့ပါတယ်။
Rose Ma:
Great Nandar,how long will you be there?
Kyi Phyu: စိတ်မြန်လက်မြန်ရှိလှချည်လားကွယ်... ကြည်ဖြူလည်း အိမ်အထိ မပြန်ဖြစ်တာ 3နှစ်လောက်ရှိရော့မယ်... လိုက်ချင်တယ်... :(
SoeMya Nandar ThetLwin:
ပိုစ့်ကို ဖတ်ကြည့်လိုက်ပါအုံး၊ ငိုချင်လာပြီ :((
Kyaw Zay Ya တစ်ကယ် အောက်မေ့လို့ လူကြုံတောင် ပါးတော့ မလို့ကွယ်...
Kyi Phyu:
ဟိ ဟိ ဆောတီးးးပါ နန္ဒာရယ်... ကြည်ဖြူလည်း ပို့စ်ကိုမဖတ်ဘဲ အားတွေကျပြီး ပြောလိုက်တာပါ။ ဒါပေမယ့် နန္ဒာ နောက်နှစ် ပြန်ဖြစ်မယ်မို့လား... ငိုနဲ့... အားလုံးတူတူဘဲ... :(
Sai Kaung Myat:
awww i thought ur gg bak on this coming sat night :D
Rose Ma:
ဟားဟား....နန္ဒာရေ...တော်တော်ကောင်းလိုက်တဲ့ အရေးအသား..
Rose Ma:
ဒီစနေ ဆိုတော့ ဒို့ လည်း စလုံးမှာရှိတယ်နော်...အဟက်ဟက်..
about an hour ago · Unlike · 1
Sai Kaung Myat nobody gg bak>?
SoeMya Nandar ThetLwin:
ကျေးဇူး......၊ စိတဲထဲ ဖြေသိမ့်စေဖို့ရာ ရေးလိုက်တာပါ။ လာဖြစ်ပြီဆို ကြိုအသိပေးပါ့မယ်။ :))
Phyu May Zin:
wooo...when will you back from YGN sis ?
Phyu May Zin:
cant wait to meet with you i will sure come to meet with on 11 dec :)
SoeMya Nandar ThetLwin:
မဖြူ ပိုစ့်ဖတ်ပြီးသွားရင် သိလိမ့်မယ်နော် :))
Phyu May Zin:
annnnnnn:( lu soe lay :(
Thu Thu Myo Sitt:
Same same here a Ma ;(
Nay Nay Hlaing:
arr larr larrr, Nandar!!! gal gyi pael htin nay dar.......post phat pyi hma pae thi taut tel....:((((( ..... wishing your dream come true near future, Nandar!!!!
Ma Ma Thet Thet:
contact me please. We should meet.
SoeMya Nandar ThetLwin:
Of course, when I definitely come back for visit I'll let you know in advance and we will meet up.
Thank you all for your kind comments.
Theint War Naing:
မနန္ဒရေ... စာရေးကောင်းတယ်နော်... ဘယ်လိုဘဲဖြစ်ဖြစ်... စိတ်ကူးလေးနဲ့ အင်းယားကန်ဘောင်သွားထိုင်တာတော့... စိတ်ရှုပ်မိတဲ့နေ့တိုင်းပေါ့... ကန်တော်ကြီးထဲလဲ... တွေးချင်ရာတွေး ငေးချင်ရာငေး... ခပ်ဆွေးဆွေး ထိုင်ချင်သေးတာ....။
SoeMya Nandar ThetLwin:
မသိမ့်ရေ.... မိခင်မြေနဲ့ ဝေးနေကြသူတိုင်း စိတ်ကူးတွေကို တောင်ပံဖြန့်ကျက်လို ဖြေသိမ့်နေရသူတွေပါလား တွေးမိတယ်။ အဲဒီထဲက အဝေးရောက် ငှက်တကောင်ထဲမှာ နန္ဒာလဲ ပါ,ပါတယ် ဆိုပါရစေ။
Lwin TLwin:
ဂယ် ဂျီး ?????
SoeMya Nandar ThetLwin:
အရင် စာဖတ်ပါအုံး ကသံရယ်......
Lwin TLwin:
ဖတ်ပြီးဘီလေ လာမယ့်စနေရောက်မဆို
Soe Pyae Sone Mg:
Duty free က Vodka တစ်လုံးတစ်လေမှ မပါလာရင် လုံးလုံးလျားလျား လာမခေါ်နဲ့.. ဒါဗြဲ
SoeMya Nandar ThetLwin:
ဟင်းးးးးးးးးးးးးး ခက်တော့တာပဲ၊ ငိုချင်ရက် လက်တို့ပါရှင်။ စာဖတ်ပြီးရင် သိပါလိမ့်မယ်။
Soe Pyae Sone Mg:
aww ဟုတ်သားပဲ.. ကတောက်.. တင်းသွားပီ.. စ စရာလား လူကြီးကို..
Yadana Lwin:
နန္ဒာ SoeMya Nandar ThetLwin ရယ်..တကယ်မှတ်လို့ ။ ဒီကို ဝင်နားဖြစ်ခဲ့ရင် ပို့ စ်ထဲ က အတိုင်း ကော်ဖီသောက်ခေါ်ဖို့  မမေ့ ပါနဲ့ နော် :)
SoeMya Nandar ThetLwin:
မိတ်ဆွေတွေကို misleading လုပ်ရာများ ဖြစ်သွားပြီလား မသိဘူး၊ အဲဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။
အခွင့်သာလို့ ပြန်ရတဲ့အခါ အားလုံးနဲ့ ဆုံတွေချင်တာ ရင်ထဲက ဆန္ဒအမှန်ပါ။ အခုတော့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို ဖြေသိမ့်ရင်း ဒီပိုစ့်လေး ရေးလိုက်တာပါ။
Like သွားသူများ၊ ကွန်မန့်သူများ၊ ဘလောဂ့်မှာ ပိုစ့်ကို သွားရောက် ဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။
နန္ဒာ ရယ် .... တကယ်မှတ်လို့ ဖတ်ရင်း စိတ်လှုပ်ရှားပီး ပျော်နေတာ။
မျက်စိထဲမှာလည်း စိတ်ကူး ပုံဖော် မြင်ယောင်လိုက်မိသေးတယ်။
ဒီဇင်ဘာ ဆောင်းတွင်း ပုဂံဘုရားဖူး ခရီးစဉ် ...
သွားချင်လိုက်တာ ဆိုပီး အားကျနေမိသေးတယ်။
ပိုစ့် နိဂုံး ရောက်တော့မှ ....
အိပ်မက်တွေ .. တကယ့် ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။
ထပ်တူထပ်မျှ ခံစားပီး ဖတ်သွားပါတယ် .....
ဖေ့စ်ဘွတ်ပေါ်မှာ ခင်မင်ရတဲ့ မောင်နှမများက ဖွင့်ဆိုတဲ့ စကားသံ တချို့....,
Ain Chann Myay:
ပိုစ်ဖတ်ပြီး ငိုင်ကျသွားပါတယ်။
Teyza Min Gaung:
moant sarr ya tawt mae thabaw pay pel
SoeMya Nandar ThetLwin:
Teyza Min Gaung.... သကောင့်သား...မ ရဲ့ ပိုစ့်တွေ မဖတ်မှန်း သိပ်သိသာတယ်၊၊ ^^
Yadanar Soe:
ဟင်.. သူရက်စက်တယ်... အိပ်မက်တဲ့။
Yadanar Soe: ဖတ်ရင်းဖတ်ရင်း ပျော်လာတယ်.. ဖုန်းခေါ်နော်လို့ အရင်ပြောမို့ဟာ သည်းခံစောင့်ဆိုင်းပြီး ဆုံးအောင်ဖတ်လိုက်မိပါတယ်။ မောရော... ဟွန်းးးးးးးးးးး
House Memories MaMie Nge:
plase ring my phone i really want to see you ♥
Khin Mayday Maung:
စိတ်ထဲမှာတော့ အိမ်မက်တွေသာ တကယ်ဖြစ်ခဲ့မယ် ဆိုရင်..... ...... ........
Khin Yu Yu:
nandarကဘိလပ်မှာငယ်စဉ်ကတည်းကကျောင်းတက်ခဲ့တယ်လို့ သိထားတော့ ဘိလပ်မှာ ပိုပျော်မှာပဲလို့ ထင်မိဘူးတယ်။ nandar ကဗမာပြည်ကို ချစ်တယ်နော်။ပြန်တာကိုအားကျနေတာ။ တို့ လဲ ရှေ့နှစ်ထဲ စီစဉ်ထားတာပဲ။
SoeMya Nandar ThetLwin:
မမယု ရှေ့နှစ်ထဲတော့ နန္ဒာလဲ ပြန်ဖြစ်မယ်။ ဒီမှာလဲ နေသားကျနေပေမယ့် မြန်မာပြည်ကို ချစ်ပါတယ်။ :)
Khin Yu Yu:
nandar စိတ်ထားလေးကိုချီးကျူးမိပါတယ်။ ဘယ်လောက်ပဲ နိမ့်ကျပြီး ဆင်းရဲနေပါစေ။ ဒီမြေမှာတို့ ရဲ့ ဆွေမျိုးတွေ ရှိတယ်လေ။ တို့ နိုင်ငံသားတွေဟာ သွေးသားတွေပါပဲ။ အမှိုက်ပုံလို့ ခေါ်ချင်ခေါ်ကြပါစေ။ ဒီအမှိုက်ပုံကို ချစ်တယ်။
ဗစ်
ခံစားချက်တွေ ထပ်တူကျ နေပြီ ထင်တယ်။
ဆု
လာဖြစ်ရင် ပြောပါ့မယ်။
မမသက်နန္ဒာ
စာဖတ်သွားလို့ရာ၊ ကွန်မန့်အတွက်ရော၊ ဆုတောင်းအတွက်ပါ ကျေးဇူးတင်ပါတယ်။
:( တကယ်ပဲထင်နေတာ။
ပကာသနဆန်တဲ့ စားသောက်ဆိုင်တွေမှာ ငွေမဖြုန်းပဲ လမ်းဘေးဆိုင်တွေမှာ ဟန်ဆောင်မှု့ မရှိပဲ စားချင်ရာ ဝယ်စားမယ်။
ရောက်တုန်းရောက်ခိုက် ကိုယ့်ချွေးနဲစာထဲကနေ ဇိဝိတဒါနသံဃာဆေးရုံနဲ့ ဘိုးဘွားရိပ်သာမှာ ထါဝရ ငွေပဒေသာပင် ကိုယ်တိုင်ကိုယ်ကျ သွားလှုမယ်။
အဲဒါလေးတွေဖတ်ပြီးပျော်နေတုန်းရှိသေးတယ်။ :(
ခုတလော မဇွန် facebook ထဲ မ၀င်ဖြစ်တော့ ဒီပို့စ်လေး တက်သွားတာတောင် မသိလိုက်ဘူး။ အခု ၀င်ဖတ်ကြည့်မိတော့ တကယ်ပဲ ဒီစနေမှာ နန္ဒာရန်ကုန်ပြန်သွားပြီလို့ ထင်လိုက်တာ။ အဆုံးကျမှပဲ...။
နန္ဒာရေ... မြန်မာပြည်ပြန်ဖြစ်လို့ စင်္ကာပူ transit ဆိုရင် အလည်ဝင်လာဖို့ မဇွန်က ဖိတ်ပါတယ်။း)
Post a Comment