အသက်ကလေးရလာတော့ အားလပ်ချိန်ဆို တရားသဘောလေးရှိအောင် နှစ်သက်ရာ တရားစာအုပ်တချို့ ဖတ်ဖြစ်တယ်ပေါ့လေ။
အဲတော့ ဘာလုပ်လုပ်၊ ဘာခံစားရပါစေ အကြည်ဓါတ်လေး ကွန့်မြူးနေရင် နှလုံးသားမှာ တရားအသိလေး ကပ်နေတတ်တယ်လို့ ဆိုရပါမယ်။
ဒီနေ့ ဖေ့စ်ဘွတ်ပေါ် စတေးတပ် အနေနဲ့ ဒီစာစုလေး တတ်သလောက် မှတ်သလောက် ချရေးဖြစ်လိုက်တယ်။
အလှမ်းဝေးနေတာ ကြာပြီဖြစ်တဲ့ ခြောက်သွေ့နေတဲ့ ကိုယ့်ဘလောဂ့်လေးကို အသက်ပြန်သွင်းတဲ့ အနေနဲ့ ဒီစာစုလေးကို ဘလောဂ့်လေးဆီ ခေါ်လာခဲ့ပါတယ်။
ဖေ့စ်ဘွတ်ပေါ် စတေးတပ်ဆိုတာ Update လုပ်ရင် လုပ်သလို ဝေါလ်ပေါ် ပျောက်သွားတာမို့ ဘလောဂ့်ပေါ် ပိုစ့်အနေနဲ့ အမှတ်တရ သိမ်းထားချင်မိလို့ရယ်ပါ။
ပိုစ့်အသစ် မတင်ဖြစ်ပေမယ့် စာလာဖတ်သူများ ကျဲကျဲလေး ရှိနေတာကို သတိထားမိပါတယ်။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အချိန်လေးရအောင်ယူပြီး ဘလောဂ့်ပေါ် စာတွေရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။
အဆိုတော် ဒေါ်မာမာအေး ပြောသလို... .. ... .. ... ..,
"ချစ်ဆွေတို့ရေ.. ... ., ပြောစရာတွေလဲ တပုံကြီးရှိပါသေးတယ်ရှင်"
အခုတော့ ဒီနေ့ ဖေ့စ်ဘွတ်ပေါ် စတေးတပ် အနေနဲ့ ရေးဖြစ်လိုက်တဲ့ ဒီစာစုလေး ဖတ်ကြည့်ပေးပါအုံး။
နောက်ကျနေပြီ ဖြစ်ပေမယ့် စာဖတ်သူအပေါင်း နှစ်သစ်မှာ စိတ်ရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒ ပြည့်စေကြောင်း ဆုမွန်တောင်းပါတယ်ရှင်။
+ + + + + + +
ဘဝမှာ တယောက်ထဲ နေသားရလာတော့... .. .. ...
အထီးကျန်တယ် ဆိုတာကို နားလည်အောင် ကြိုးစားလာနိုင်တဲ့အခါ အထီးမကျန်တော့ဘူးလို့ ခံစားလာရတယ်။
စိတ်ညစ်ခြင်းကို သိနားလည်မိလိုက်တော့ စိတ်သိပ်မညစ်တတ်တော့ဘူး။
နာကျင်ခြင်းကို ခံစားရတာ များလာတဲ့အခါ နာကျင်ခြင်းကို နားလည်တတ်လာတယ်။
ဒီလိုပါပဲလေ... .. ... .. ...
ချစ်ခြင်းမေတ္တာကို နားလည်အောင် ကြိုးစားလိုက်တော့ ချစ်ခြင်းမေတ္တာတွေ ဆင့်ပွါးတိုးလို့လာတယ်။
ပျော်ရွှင်ခြင်းကို နားလည်အောင် လုပ်လာနိုင်တဲ့အခါ ပိုပျော်ရွှင်တတ်လာတယ်။
လောကမှာ နားလည်ရ အခက်ခဲဆုံးက လူ့စိတ်၊ ကိုယ့််ရဲ့ ကိုယ်ပိုင်စိတ်သာလျှင် ဖြစ်ပါတယ်။
တခြားလူကို နားလည်အောင် ကြိုးစားနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ် နားလည်အောင်ဖတ်နိုင်ဖို့က ခက်ခဲတယ်လေ။
တကယ်တော့ လူ့ဘဝတစ်သက်သာ ခဏတာမှာ... ... .... ..
ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေအပေါ် မူတည်အခြေခံလို့
အရေးကြီးတာက ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားရင်း သိနားလည်လာလေ ဘဝမှာ နေရတာ ပိုပြီး အေးချမ်းလာလေ၊ အဓိပ္ပါယ်ရှိလာလေလို့ ခံစားမိပါတယ်။
အဓိက,က ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့နဲ့ လက်ရှိ ဘဝနဲ့ အချိန်ကိုသာ တန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။ အဲလိုဖြစ်အောင်လဲ ကြိုးစားနေထိုင်ပါတယ်။
ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်ပါမှ၊ လက်ရှိ ကိုယ့်ဘဝကိုသာ တန်ဖိုးထားတတ်ပါမှ တခြားလူကို မြတ်နိုး၊ တန်ဖိုးထားတတ်မှာ ဖြစ်တယ်လို့ နားလည်မိတာပါပဲရှင်။
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်
ဇန်နဝါရီ ၂၇ ၂၀၁၂


One response to “"နားလည်ခြင်း"”
ဒီလိုပါပဲ နန္ဒာရေ... အသက်ရလာလေ ကိုယ့်ကိုယ်ကို ပိုနားလည်လာလေ၊ ကိုယ်နဲ့ပတ်သက်ဆက်စပ်တဲ့ ၀န်းကျင်မှာ ရှိနေတဲ့ လူတွေကိုလည်း ပိုနားလည်လာလေပဲ။ အတွေ့အကြုံတွေနဲ့ ရင့်ကျက်ပြီး တဖြည်းဖြည်း နားလည်ခွင့်လွှတ်လာနိုင်တယ် ထင်တာပါပဲ။
Have a nice weekend!
Post a Comment